လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Monday, November 21, 2011

သာသနာတော်၏ အနာဂတ်ဘေးရန်များ...

 - ဖုဿမထေရ်၏ မိန့်ကြားချက် -
ဤဖုဿမထေရ်သည် ရှေးဘုရားရှင်တို့ထံမှာ ပါရမီဖြည့်လာခဲ့သူ ဖြစ်သည်။ ဖြစ်ရာဘ၀မှာ နိဗ္ဗာန်ကို ရည်မှန်း၍ ကုသိုလ်ကောင်းမှု ပြုလာခဲ့သည်။ သို့ဖြင့် လူ့ပြည့်နတ်ပြည်တို့​၌ ခေါက်တုံ့လူးလာ ကျင်လည်လာ ခဲ့ရသည်။
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသည့်အချိန်မှာ ပဒေသရာဇ်မင်း(ဘုရင်ခံ)တစ်ဦး၏ သားဖြစ်လာခဲ့သည်။ သူ၏ အမည်မှာ ဖုဿဖြစ်ပါသည်။
ဖုဿမင်းသား အရွယ်ရောက်လာသည့်အခါ မင်းသားများသင်ယူရမည့်အတတ်များကို တတ်မြောက် လာခဲ့သည်၊ ရှေးပါရမီကုသိုလ်၏ ကူညီထောက်ပံ့မှုကြောင့် သူသည် ကာမဂုဏ်တို့၌ စိတ်ပါဝင်စားမှု မရှိချေ၊ မထေရ်ကြီးတစ်ပါးထံမှာ တရားနာရသည့်အခါ ကြည်ညိုသဒ္ဓါ ဖြစ်ပွားလာ၍ ရဟန်းပြုသည်။
သူသည် ရဟန်းပြုပြီးသည့်နောက် စရိုက်အားလျော်သောကမ္မဋ္ဌာန်းကို ယူသည်၊ သမထဘာဝနာကို ပွားများအားထုတ်သည့်အခါ ဈာန်ရလာခဲ့သည်၊ ယင်းရလာသောဈာန်ကို အခြေခံထားကာ ၀ိပဿနာကို ရှုမှတ် ပွားများပြန်သည်၊ မကြာမီပင် အဘိညာဉ်ခြောက်ပါးတို့ကို ရလာခဲ့သည်၊ ဈာန်အဘိညာဉ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လာခဲ့သည်။
တစ်နေ့သ၌ မိမိမျိုးနွယ်ရင်းဖြင့် ပဏ္ဍရ-မည်သောရသေ့တစ်ဦးသည် ဖုဿမထေရ်ထံမှာ တရားနာနေခဲ့သည်၊ ထိုစဉ် ရဟန်းတော်အများအပြားလည်း အနီးမှာ ထိုင်နေကြသည်။
ယင်းရဟန်းတော်များသည် သီလအကျင့်နှင့်ပြည့်စုံကြသည်၊ စက္ခုစသောဣနြေ္ဒတို့ကို လည်း ကောင်းစွာ စောင့်စည်းကြသည်၊ ကာယဂတာသတိဘာဝနာကိုလည်း ပွားများထားကြသည်၊ သမထ ကိုလည်း ပွားများအားထုတ်သူများ ဖြစ်ကြသည်။
ပဏ္ဍရ-ရသေ့သည် ယင်းရဟန်းတော်များကို တွေ့ရသည့်အခါ စိတ်ကြည်လင်လာသည်၊'' ဒီအကျင့်ဟာ လောကမှာ ကြာရှည်လေးမြင့် တည်နေခဲ့ရင် ကောင်းမှာပဲ''ဟု စိတ်ကူးကြံစည်မိသဖြင့် ဖုဿထေရ်ကို လျှောက်ထားသည်။
''အရှင်ဘုရား… နောင်အနာဂတ်ကာလမှာ ရဟန်းတော်တွေရဲ့ အလိုဆန္ဒနှင့် အသွင်အပြင်(အကျင့်) ဟာ ဘယ်လို ဖြစ်လာမှာပါလဲ…?
ရသေ့၏စကားကို ကြားရသည့်အခါ ဖုဿထေရ်က အနာဂတံ​သဥာဏ်ဖြင့် ကြည့်တော်မူသည်၊ ရဟန်းနှင့်ရဟန်းမများတို့ ဖြစ်ပေါ်လာမည့်အဖြစ်အမှန်ကို တွေ့မြင်တော်မူသည်၊ သို့ဖြင့် ပဏ္ဍရရသေ့အား ယင်းအကြောင်းကို ပြောဟောမိန့်ကြားတော်မူသည်။
နောင်အခါမှာ အမျက်ထွက်လေ့ရှိတဲ့(စိတ်ဆိုးတဲ့)ရဟန်း၊ ရန်ငြိုးထားတတ်တဲ့ရဟန်း၊ သူတပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ရဟန်း၊ အလွန်ဆောင့်ကြွားကြွားနိုင်တဲ့ရဟန်း၊ ဂုဏ်မရှိဘဲ ဂုဏ်ရှိဟန်ဆောင်ပြီး စဉ်းလဲကောက်ကျစ်တဲ့ရဟန်း၊ ရဟန်းအချင်းချင်း ကိုယ့်ထက်သာ မနာလိုတဲ့ရဟန်း၊ ဂိုဏ်းဂဏစွဲ ပုဂ္ဂိုလ်စွဲနဲ့ ၀ါဒမျိုးစုံ ငြင်းခုံကြတဲ့ရဟန်း ဒီလိုရဟန်းမျိုးတွေ အများအပြား ဖြစ်ပေါ်လာကြလိမ့် မယ်။
(ပြီးတော့ မိမိတို့ကိုယ်တိုင်က တကယ်နားမလည်ဘဲ) နက်နဲတဲ့သူတော်ကောင်းတရား(သဒ္ဓမ္မသုံးဖြာ သာသနာ)ကို နားလည်တယ်လို့ ထင်တဲ့အတွက် သူတော်ကောင်းတရားရဲ့ ဒီဘက်ကမ်းမှာသာ ကျက်စား သူတွေ (သူတော်ကောင်းတရားမှာ မကျက်စားနိုင်သူတွေ)၊ ပေါ့တီးပေါ့ဆနိုင်သူတွေ (လျှပ်ပေါ် လော်လည် တည်ကြည်လေးနက်မှု မရှိသူတွေ)၊ သူတော်ကောင်းတရားမှာ ရိုသေလေးစားမှု မရှိသူတွေ သီးတင်း သုံးဖော်အချင်းချင်း ရိုသေလေစားမှု မရှိသူတွေ အများအပြားဖြစ်ပေါ်လာကြလိမ့်မယ်။
နောင်အခါ (သတ္တ၀ါအပေါင်း)မှာ အပြစ်တွေ အများအပြား ဖြစ်ပေါ်လာလိမ့်မယ်၊ ဘုရားရှင် က သေချာကျန ဟောပြထားတဲ့ ဒီပရိယတ်တရားတော်ကို ပညာမဲ့ ရဟန်းတွေက ညစ်နွမ်းအောင် လုပ်လာကြ လိမ့်မယ်။
နောင်အခါ နှုတ်ကြမ်း လျှာကြမ်း စာပေပရိယတ် မတတ်ကျွမ်းတဲ့(အလဇ္ဇီ ဒုဿီလ)ရဟန်းတွေက သီလသုတစတဲ့ဂုဏ်မရှိပေမယ့် သံဃာ့အလယ်မှာ ရဲရဲဝံ့ဝံ့ ဆုံဖြတ်ပြောဆိုကာ (အပေါင်းအသင်း) အင်အား ကောင်းလာကြလိမ့်မယ်၊ (သံဃာ့အလယ်မှာ ကိုယ်အလိုရှိသမျှကိစ္စကို အတည်ပြုပေးနိုင် လောက်အောင် အားရှိလာကြလိမ့်မယ်။)
နောင်အခါမှာ မကောင်းမှုမှ ရှက်ကြတဲ့အပြင် ဆန့်ကျင်ဘက်ကို အလိုမရှိကြတဲ့ (သီလ၀န္တ)ရဟန်း တွေက သီလ.သုတစတဲ့ဂုဏ်တွေနှင့်ပြည့်စုံပေမယ့် သံဃာ့အလယ်မှာ အမှန်အကန် (တရားလမ်းကြောင်း အတိုင်း) ပြောဆိုကြရင် (ပရိသတ်မှာ အလဇ္ဇီများနေတဲ့အတွက် ထောက်ခံမယ့်သူ မရှိဘဲ) အားနည်းလာ ကြလိမ့်မယ်၊ (အောင်မြင်မှုရရှိကြမယ် မဟုတ်တော့ဘူး။)
နောင်အခါမှာ (အလဇ္ဇီ ဒုဿီလ)ရဟန်းတွေက (အပ်.မအပ်/တော်.မတော် နာမလည်ကြဘဲ)ရွှေ.ငွေ လယ်.ယာ.ဆိတ်.သိုး.ကျွန်မိန်းမ.ကျွန်ယောက်ျားတွေကို (ကိုယ့်အတွက်)သာယာ အလှူခံလာကြလိမ့်မယ်။
နောင်အခါမှာ သူတစ်ပါးကို အထင်သေးအမြင်သေး ကဲ့ရဲ့လေ့ရှိတဲ့ရဟန်းတွေက သူတို့ရဲ့ မကောင်းတဲ့ကိုယ်မှု. နှုတ်မှု. စိတ်မှုကြောင့်ပဲ စတုပါရိသုဒ္ဓိသီလမှာ မတည်နိုင်ကြတော့ဘဲ သားတိရိစ္ဆာန်တွေ လို မာနအလံထူကာ ငြင်းခုံမှုမှာသာ စိတ်ပါဝင်စားကြပြီး လှည့်လည်နေကြလိမ့်မယ်။
နောင်အခါမှာ စိတ်မတည်ငြိမ်တဲ့ရဟန်းတွေ ဖြစ်ပေါ်လာလိမ့်မယ်၊ နောက်ပြီးတော့ (ကောဓ.မာနဖြင့်) စိတ်ခက်ထန်တဲ့ ရဟန်းတွေ၊ ပစ္စည်းလှူချင်လာအောင် မြှောက်ပင့်ပြောဆိုတတ်တဲ့ ရဟန်းတွေ၊ နွားချိုပမာ သိသာထင်ရှား ကိလေသာများတဲ့ ရဟန်းတွေက အရိယာများလို ဟန်ဆောင်ဝါကြွား သင်္ကန်းညိုကြီးများကို ၀တ်ရုံပြီး လှည့်ပတ်သွားလာနေကြလိမ့်မယ်။
နောင်အခါမှာ လျှပ်ပေါ်လော်လည် တည်ကြည်လေးနက်မှုမရှိတဲ့ ရဟန်းဆိုး ရဟန်းပျက်တွေက ဆံပင်တွေကို ခေါင်းလိမ်းဆီလူးကာ ကောင်းစွာဖီးထားတဲ့အပြင် (ရဟန်းတော်များမှာ နှစ်လအတွင်း လက်နှစ်သက်ရှည်သည်အထိ ဆံပင်များကို မရိတ်ဘဲ ထားနိုင်သည်။) ကုလားများလို မျက်ရေးကွင်းလျက် ဆင်စွယ်ရောင်မျှ ဆိုးထားတဲ့ (အ၀ါနု)သင်္ကန်းကို ၀တ်ရုံပြီး လမ်းမကြီးမှာ လှည့်လည်သွားလာ နေကြလိမ့် မယ်။
နောင်အခါမှာ (ယင်းရဟန်းဆိုး ရဟန်းပျက်တွေက) အ၀တ်ဖြူတွေကို တပ်မက်နှစ်သက်ကြတဲ့ အတွက် အရိယာပုဂ္ဂိုလ်တွေ မစက်ဆုပ်သင့်(မြတ်နိုးသင့်တဲ့) အပ်စပ်အောင်ကျကျနနဆိုးထားတဲ့အတွက် ဘုရားရဟန္တာ တွေရဲ့ အောင်လံသဖွယ် အလွန်တင့်တယ်တဲ့သင်္ကန်းကို စက်ဆုပ်ရွံမုန်းလာကြလိမ့်မယ်၊ (အဖြူသက်သက်ကို  ၀တ်ရုံရင် ရဟန်းအသွင်ကို စွန့်ရရောက်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဆင်စွယ်ရောင်ဆိုးပြီး ၀တ်နေကြ လိမ့်မယ်-ဆိုလိုသည်၊ ဤစကားရပ်သည် ရှေးစကားရပ်၏ အကြောင်းပြ ဖြစ်သည်။)
နောင်အခါမှာ (အဲဒီရဟန်းဆိုး ရဟန်းယုတ်တွေဟာ) လာဘ်လာဘကို လိုချင်မက်မောလာကြ လိမ့်မယ်၊ ဆွမ်းခံရတာကိုတောင်မှ ပျင်းလာကြလိမ့်မယ်၊ ရဟန်းတရားအားထုတ်ဖို့ လုံ့လ၀ီရိယလျော့ပါး လာကြလိမ့်မယ်၊ တောကျောင်းနေရမှာ စိတ်ငြိုငြင်ပင်ပန်းပြီး ရွာနီးကျောင်းမှာပဲ နေကြလိမ့်မယ်။
နောင်အခါမှာ (ရဟန်းဆိုးရဟန်းယုတ်တွေဟာ) အမြဲတမ်း မှားယွင်းတဲ့ အသက်မွေးမှုကို စိတ်ပါဝင်စား စွာ အားထုတ်လာကြတဲ့အတွက် လာဘ်လာဘပေါများနေကြတဲ့ ဒုဿီလရဟန်းကြီးတွေကို အတုယူကာ ကျင့်သုံးလာကြလျက် သီလကို မစောင့်ရှောက်ကြတော့ဘဲ လာဘ်လာဘဖြစ်ပေါ်လာအောင် မင်းစိုးရာဇာ သြဇာအာဏာရှိတဲ့ပုဂ္ဂိုလ်တွေကို ချဉ်းကပ်နေကြလိမ့်မယ်။
နောင်အခါမှာ လာဘ်လာဘ(ပစ္စည်းလေးပါး) မပေါများတဲ့ ရဟန်းတွေဟာ အပူဇော်ခံကြရမယ်မဟုတ် တော့ဘူး၊ သီလကို အင်မတန်ချစ်မြတ်နိုးကြတဲ့ ပညာရှိရဟန်းတွေကိုတောင်မှ (ပစ္စည်းလေးပါးမပေါများတဲ့ အတွက်) အဲဒီလာဘ်လာဘကို လိုချင်မက်မောနေကြတဲ့ ရဟန်းသာမဏေတွေ က မှီခိုဆည်းကပ်မှု ပြုကြတော့ မယ် မဟုတ်တော့ဘူး။
နောင်အခါမှာ အချို့ရဟန်းတွေဟာ မိမိရဲ့ အလံသဖွယ်ဖြစ်တဲ့ ညောင်ခေါက်ဆိုးသင်္ကန်းကို ကဲ့ရဲ့ရှုတ်ချ စက်ဆုပ်ကြလျက် တိတ္ထိတို့ရဲ့ အလံသဖွယ်ဖြစ်တဲ့ အ၀တ်ဖြူ(ဆင်စွယ်ရောင်အ၀တ်) ကို ဆောင်ကြလိမ့်မယ်၊ ၀တ်ရုံကြလိမ့်မယ်။
နောင်အခါမှာ အလဇ္ဇီရဟန်းတွေက ဖန်ရည်ဆိုးသင်္ကန်းကို ရိုသေလေးစားကြမယ် မဟုတ်တော့ဘူး၊ သင်္ကန်းမှာ ပစ္စဝေက္ခဏာဆင်ခြင်မှုကိုလဲဘဲ ပြုကြမှာ မဟုတ်တော့ဘူး။
အဆိပ်လူးမြား စူးဝင်ခံရတဲ့အတွက် အလွန်အမင်း ဆင်းရဲဒုက္ခရောက်ပြီး ကိုယ်ဖောက်ပြန်ခြင်း သို့ ရောက်နေတဲ့ ဆဒ္ဒန်ဆင်မင်းမှာ မကြံစည်နိုင်လောက်အောင် ထက်မြတ်ပြင်းထန်တဲ့ ဆင်ခြင်ဥာဏ် ဖြစ်ခဲ့ ဘူးတယ်။
သိသာရုံလေး ပြောပြပါဦးမယ်၊ အဲဒီအခါတုန်းက ဆဒ္ဒန်ဆင်မင်းဟာ ကျနစွာ ဆိုးထားတဲ့အတွက် အရိယာတို့ရဲ့ အလံသဖွယ်ဖြစ်နေတဲ့သင်္ကန်းကို တွေ့မြင်ရပါတယ်၊ ဒါနဲ့ အဲဒီခဏမှာပဲ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားတွေကို ပြောဆိုခဲ့ပါတယ်။
ကိလေသာဖန်ရည်ရှိနေသူ. ဣနြေ္ဒမစောင့်စည်းသူ.မှန်ကန်စွာ မပြောဆိုသူ(ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ) ဖန်ရည်ဆိုးအ၀တ်ကို မ၀တ်ရုံထိုက် မ၀တ်ရုံသင့်ပါဘူး။
ကိလေသာဖန်ရည်ကို စွန့်ပြီးသူ. စတုပါရိသုဒ္ဓိသီလကို ကောင်းစွာ ထိန်းနေသူ. ဣနြေ္ဒတွေကို စောင့်ရှောက်သူ. မှန်ကန်စွာ ပြောဆိုသူ (ဒီပုဂ္ဂိုလ်မျိုးတွေ)ကသာ ဖန်ရည်ဆိုးအ၀တ်ကို တကယ်ဝတ်ရုံသင့် ၀တ်ရုံထိုက်ပါတယ်။
သီလပျက်စီးနေသူ. သီလကို သုတ်သင်နိုင်တဲ့ ပညာမရှိသူ. ဒုဿီလလို့ ထင်ရှားနေသူ. ဂနာမငြိမ် ဣနြေ္ဒမရသူ. သီလပျက်စီးတဲ့အတွက် လုပ်ချင်ရာလုပ်နေသူ. စိတ်မတည်ငြိမ်သူ. အကုသိုလ်လုပ်ရမှာကို ရှက်ကြောက်မှုမရှိသူများဟာ ဖန်ရည်ဆိုးအ၀တ်ကို မ၀တ်ရုံထိုက်ဘူး။
စတုပါရိသုဒ္ဓိသီလပြည့်စုံသူ. ရာဂကင်းသူ. တည်ကြည်သူ. သန့်ရှင်းစင်ကြယ်တဲ့ စိတ်အကြံရှိသူတွေ ဟာ ဖန်ရည်ဆိုးအ၀တ်ကို အမှန်ပဲ ၀တ်ရုံထိုက်ပါတယ်။
သီလမရှိတဲ့အပြင် စိတ်မတည်ငြိမ်သူ. မာန်မာနတက်ကြွနေသူ. မိုက်မဲသူမျိုးဟာ အ၀တ်ဖြူနှင့်သာ ထိုက်တန်တယ်၊ ဖန်ရည်ဆိုးအ၀တ်ဟာ သူ့အတွက် ဘာလုပ်စရာတဲ့လဲ…? (သူဟာ ဖန်ရည်ဆိုးအ၀တ်နှင့် မထိုက်တန်ပါဘူး။)
(သင်္ကန်းကို ဆောင်သောပုဂ္ဂိုလ်. သင်္ကန်းကို မြတ်နိုးသောပုဂ္ဂိုလ်သည် ဒုစရိုက်မှ ရှောင်ကြဉ်သင့် ပါသည်-ဟု သင်္ကန်းကို အလေးဂရုပြုစေရန် ဖုဿထေရ်က ဆဒ္ဒန္တဇာတ်ကို သာဓကတင်ပြတော်မူသည်။)
နောင်အခါမှာ ရာဂစတဲ့အပြစ်တွေရဲ့ ဖျက်ဆီးမှုကို ခံနေရတဲ့ စိတ်ရှိပြီး ဘုရားကိုလည်း မလေးစား၊ တရားကိုလည်း မလေးစား၊ သံဃာကိုလည်း မလေးစား၊ သိက္ခာကိုလည်း မလေးစား၊ အချင်းချင်းကိုလည်း မလေးစားကြတဲ့ အလဇ္ဇီရဟန်းနှင့် ရဟန်းမတွေက မေတ္တာဘာဝနာနဲ့ ထုံမွှမ်းထားတဲ့ စိတ်ရှိနေကြတဲ့ အတွက်ပဲ လောကဓံကြုံ မတုန်လှုပ်ကြတဲ့ သူတော်ကောင်းတွေကို ဖိနှိပ်လာကြလိမ့်မယ်။
(ရဟန်းဆိုး ရဟန်းယုတ်တွေက) ဒီလို အကျင့်သီလနှင့်ပြည့်စုံသူတွေကို တွေ့မြင်ရတဲ့အခါ (ဒကာဒကာမတွေက) သူတို့ကိုသာ ချီးမွမ်းမြှောက်စားကြပြီး ငါတို့တစ်တွေကို အထင်ကြီးကြတော့မယ် မဟုတ်တော့ဘူးလို့တွေးပြီး မိမိတို့အား မရိုသေမှာကို စိုးရိမ်တဲ့အတွက် တစ်နည်းနည်းနဲ့ သူတော်ကောင်းတွေ ထွက်ပြေးအောင် နှိပ်စက်လာကြလိမ့်မယ်။ (ဋ္ဌ)
နောင်ကာလမှာ ဥပဇ္ဈာယ်ဖြစ်တဲ့ မထေရ်များက သင်္ကန်းဝတ်ရုံမှုစတဲ့ ရဟန်းကျင့်ဝတ်တွေကို သင်ပေးကြပေမယ့် ပညာကလဲ မရှိ. ဒုဿီလလို့လဲ ထင်ရှားနေတဲ့အပြင် လုပ်လိုရာလုပ်နေကြတဲ့ တပည့်မိုက် ကလေးတွေက နာယူကြမယ် မဟုတ်တော့ဘူး။
မြင်းယုတ်မြင်းကြမ်းဟာ မြင်းလှည်းမောင်းသမားရဲ့ စကားကို နားမထောင်သလို အချင်းချင်း ရိုသေ လေးစားမှုမရှိကြတဲ့အတွက် အဲဒီ သင်ပေးတိုင်း မကျင့်ကြတဲ့ရဟန်းမိုက်လေးတွေဟာ ဆရာဥဇ္ဈာယ် တို့ရဲ့ စကားကို ရိုသေကျိုးနွံစွာ နာခံကြမယ် မဟုတ်တော့ဘူး။
ဒီနည်းအတိုင်း နောင်အနာဂတ်မှာ နောက်ပိုင်းအချိန်ရောက်လာလို့ရှိရင် ရဟန်းတွေနှင့် ရဟန်းမတွေ မှာ မကောင်းတဲ့အကျင့်တွေ ဖြစ်ပေါ်လာလိမ့်မယ်။

နောက်ပိုင်းအချိန်ဟူသည် အဘယ်နည်း….?
တတိယသင်္ဂါယနာတင်ရာ အခါကစပြီး နောက်ပိုင်းအချိန်ဟု အချို့က ဆိုကြသည်၊ ယင်းအဆိုကို အချို့က လက်မခံကြ၊ ယင်းလက်မခံသူတို့၏ ထောက်တည်ရာကို ပြပါဦးမည်…။
၁။ ၀ိမုတ္တိယုဂ = အရိယာပုဂ္ဂိုလ်တို့၏ ခေတ်
၂။ သမာဓိယုဂ = ဈာနလာဘီ (ဈာန်ရ)ပုဂ္ဂိုလ်တို့၏ ခေတ်၊
၃။ သီလယုဂ = သီလ၀န္တ(သီလရှိသော)ပုဂ္ဂိုလ်တို့၏ ခေတ်၊
၎။ သုတယုဂ = သီလမရှိ၊ အကြားအမြင်မျှသာရှိသောပုဂ္ဂိုလ်တို့၏ ခေတ်၊
၅။ ဒါနယုဂ = အကြားအမြင်မရှိ၊ ပေးကမ်းလှူဒါန်းမှုသာရှိသောပုဂ္ဂိုလ်တို့၏ ခေတ်။
ဤသို့ သာသနာတော်မှာ ခေတ်(ယုဂ) ၅-မျိုး ရှိနေပါသည်။
ယင်းယုဂ်ငါးမျိုးတို့တွင် ၀ိမုတ္တိယုဂသည် ရှေးဦးဆုံးဖြစ်သည်၊ ၀ိမုတ္တိယုဂကွယ်လျှင် သမာဓိယုဂ ဖြစ် သည်။ သမာဓိယုဂကွယ်လျှင် သီလယုဂဖြစ်သည်။ သီလယုဂကွယ်လျှင် သုတယုဂဖြစ်သည်။
သီလ မစင်ကြယ်သောပုဂ္ဂိုလ်က လာဘ်လာဘစသည်ကို လိုလားသည့်အတွက် ပရိယတ်အကြားအမြင်များအောင် တစ်စိတ်တဒေသအားဖြင့်  အားထုတ်သင်ကြား သည်။ ဒွေမာတိကာအဆုံးရှိသော ပရိယတ်လုံးဝ ကွယ်ပျောက်ချိန်က စပြီး အသွင်မျှသာ ကြွင်းကျန်ပေလိမ့်မည်။ ထိုအချိန်၌ ရသည့်နည်းဖြင့် ပစ္စည်းဥစ္စာ စုဆောင်း၍ စွန့်လွှတ်လှူဒါန်းကြသည်၊ ယင်းသို့ စွန့်လွှတ်လှူဒါန်းခြင်း အကျင့်သည်ပင် သူတို့၏ နောက်ဆုံး အကျင့်ကောင်းမည်တော့သည်။
ထိုခေတ်(ယုဂ်)ငါးမျိုးတို့တွင် သုတယုဂမှစ၍ နောက်ပိုင်းအချိန်မည်တော့သည်ဟု ဆိုကြသည်။
ဆရာအသီးသီးတို့က ၀ါဒကွဲပြား အမျိုးမျိုးဆိုထားစေကာမူ သာသနာမှာ ဖြစ်ပေါ်နေသော အခြေအနေ နှင့် ညှိနှိုင်းတိုင်းတာ၍ နောက်ပိုင်းအချိန် ရောက်မရောက်ကို စာဖတ်သူများကိုယ်တိုင်ပင် စဉ်းစားဆုံးဖြတ်စေ လိုပါသည်။
ဖုဿထေရ်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမည့်ဘေးကြီးကို ပဏ္ဍရ-ရသေ့အား ဟောပြပြီး သည့်နောက် ထိုနေရာမှာ စုဝေးနေထိုင်ကြသည့် ရဟန်းတော်များအား ဆက်လက်သြ၀ါဒ ပေးတော်မူပြန် သည်။
'' ဒီ အနာဂတ်ဘေးကြီး မရောက်လာခင် ငါ့ရှင်တို့က ဆုံးမစကားကို နာခံကြပါ၊ စိတ်သဘော ထား နူးညံ့ကြပါ၊ တစ်ဦးကို တစ်ဦးက ရိုသေလေစားကြပါ။ သတ္တ၀ါအကုန်လုံး အပေါ်မှာ မေတ္တာစိတ် ထားကြပါ၊ သနားကြင်နာကြပါ၊ သီလစောင့်ကြပါ၊ အားထုတ်လုံ့လ၀ီရိယရှိကြပါ၊ စိတ်ထဲက နိဗ္ဗာန်ကို ရည်မှန်းပြီး အမြဲတမ်း ခိုင်ခိုင်မြဲမြဲ အားထုတ်ထားကြစမ်းပါ။
မေ့လျော့ပေါ့ဆမှုကို ဘေးကြီးလို့ မမေ့လျော့မပေါ့ဆမှုကို ဘေးကင်းကြောင်းလို့ သိမြင်ကြပြီး အင်္ဂါရှစ်ပါးရှိတဲ့ အရိယမဂ်ကို ပွားများကြပါ၊ သေခြင်းကင်းပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ (မဂ်တရား ဖိုလ်တရားတွေကို အဆင့်ဆင့်) ကိုယ့်သန္တာန်မှာ ဖြစ်စေကြပါ.."
(သောတာပတ္တိမဂ်မျှနဲ့ ရပ်တန့်မနေကြဘဲ အထက်မဂ်သုံးပါးဖြစ်ပေါ်လာအောင် ပွားများအားထုတ် ကြပါ၊ ဒီလိုအားထုတ်ရင် ငါ့ရှင်တို့ရဲ့ အပ္ပမာဒဘာဝနာဟာ ထိပ်ဆုံးသို့ ရောက်လာပါလိမ့်မယ်ဟု ဆိုလိုပါသည်။) (ထေရ-ဋ္ဌ၊၂။၃၅၈)
သုခီ အတ္တာနံ ပရိဟရန္တု
(မိမိတို့ ရရှိထားသောခန္ဓာဝန်ထုပ်ဝန်ပိုးကို ချမ်းသာစွာ သယ်ပိုးရွတ်ဆောင်နိုင်ကြပါစေ..)

1 comments:

Unknown said...

ဒီပိုစ့်အတွက် ကျေးဇူးတင်ပါတယ်ရှင်

Post a Comment

Related Posts Plugin for WordPress, Blogger...

Popular Posts