လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Thursday, February 16, 2012

သင့် လက်ညှိုးကို သတိထား၍ ထိုးပါ



(ဓမ္မဒဿန = အတွေးအမြင်)
လူသည် စွမ်းအားရှင်ဖြစ်သကဲ့သို့ လက်ညှိုးထိုး ညွှန်ပြတတ်သူ လည်းဖြစ်၏။ လက်ညှိုးသည် မိမိကိုယ်ကို ထိုးညွှန်သော လက်ညှိုးနှင့် သူတစ်ပါးကို ထိုးညွှန်သော လက်ညှိုး ဟူ၍ နှစ်မျိုးနှစ်စားရှိရာတွင် တစ်မျိုး နှင့်တစ်မျိုး တူညီမှုမရှိပါချေ။ မိမိကိုယ်ကို ထိုးညွှန်သော လက်ညှိုးသည် “အတ္တ”ဖြင့် တည်ဆောက်ထားသော ကြောင့် အင်အားရှိ၏။ ဟန်၊ မာန်၊ ဌာန်တို့နှင့်လည်း ပြည့်စုံ၏။ ထို့ကြောင့် လက်မက ပင် ထောင်တက် ၍ အာမခံချက် ပေးနေသည် မဟုတ်ပါလော။
          သူတစ်ပါးကို ထိုးညွှန်ပြတတ်သောလက်ညှိုးသည် အင်အား-ဟု မဆိုသာသော်လည်း စိုက်ချလိုက် သောဂုဏ်သတ္တိနှင့်အတူ မျက်စိမျက်နှာပျက်ခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ အသားရောင် ပြောင်းလဲသွားခြင်းစသော အဖော်အင်အား ပိုမိုများပြားလှပေသည်။ အဘယ်မျှပင် များပြားလှပါသော်လည်း စိုက်ချလိုက်သောဂုဏ်သတ္တိ သည် တစ်ဖက်သား၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟူသောနံရံတို့နှင့် ထိတွေ့သောအခါ နောက်သို့ သွားတတ်လေသည်။

          မျက်စိမျက်နှာများကလည်း ရှုံ့တွကာ ‘ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ ’ဟူသောအသံလှိုင်းတို့ သည်လည်း တုန်ရီစွာ ထွက်ပေါ်လာကြလေသည်။ အစားအတွက် ဘုရား-ဟု ၀န်ခံထားကြသော ထင်တစ်လုံး ပိုင်ရှင် တက္ကတွန်းကြီးတို့သည် သူဌေးပုဏ္ဏ၏ နေအိမ် သို့ ရောက်ရှိလာကြသောအခါ ကျွေးမွေးဧည့်ခံသော အစားအစာတို့ကို စားသုံးနေကြစဉ် ကျောင်းအမကြီး ၀ိသာခါအရှင်မ၏ ပါးစပ်က “အဟော ဗုဒ္ဓေါ = သစ္စာလေး ပါးကို သိသော မြတ်စွာဘုရားသည် သြော် အံ့သြဖွယ်ပါတကား”ဟူသော အသံကို ကြားသိသွားကြသောအခါ စားထားသောအစာများပင် အံထွက်ကျလာကြလေသည်။

          တက္ကတွန်းကြီးတို့သည် အပြစ်အမျိုးမျိုးပြ၍ ဗုဒ္ဓအား လက်ညှိုးထိုး ညွှန်ပြတတ်ကြသော လူများဖြစ်ခြင်း ကြောင့် ထိုဗုဒ္ဓအား ချီးကျူးဂုဏ်ပြုသောအသံကို ကြားကြရသောအခါ ကျောက်နံရံကြီးနှင့် ထိတွေ့လိုက်ရဘိ သကဲ့သို့ စားပြီးသောအစာများ အံထွက်ကျလာအောင် အရုပ်ဆိုးသွားကြလေသည်။

          ထို့ပြင် အရှင်ဒေ၀ဒတ်သည် အရှင်အနုရုဒ္ဓါမထေရ်နှင့်အတူ သာသနာ့ဘောင်သို့ ၀င်ရောက်လာခဲ့သူ ဖြစ်ပါသည်။ ဗုဒ္ဓက --- “နတ်မျက်စိကဲ့သို့ စူးရှထက်မြတ်သော အမြင်ရှိသူ(ဒိဗ္ဗစက္ခု အဘိညာဉ်)အရာမှာ အနုရုဒ္ဓါ သည် အသာလွန်ဆုံး”ဟူသော ဆု(ဧတဒဂ်)ကို ပေးတော်မူလိုက်သောအခါ အရှင်ဒေ၀ဒတ်သည် ၀မ်းမသာနိုင် ဘဲ ငါလည်း ရမှာပဲ-ဟူသော ထင်တစ်လုံးကို တပ်ဆင်ခဲ့လေသည်။

          ဆု-ဟူသည် တောင်းယူ၍ ရကောင်းသောအရာ မဟုတ်ပါ။ အကယ်၍ ရလာလျှင်လည်း ထိုဆုသည် ဘာများတန်ဖိုးကြီးပါလေတော့မည်နည်း။ အရှင်ဒေ၀ဒတ်သည် သံဃာ့အစည်းအဝေးကြီးတစ်ခုနှင့် ကြုံလေ တိုင်း ဘုရားရှင် မြင်လောက်သောနေရာ၌ ထိုင်ကာ---- ဗုဒ္ဓက ငါ့အား အဘယ်သို့သောဆု (ဧတဒဂ်)မျိုး ကို ပေးလေမလဲ-ဟု မျက်စောင်းတစ်ခဲခဲဖြင့်သာ စောင့်ဆိုင်းနေခဲ့ပါသည်။

          သို့သော် အရှင်ဒေ၀ဒတ် ထင်ထားသလိုကား ဖြစ်မလာခဲ့ပါချေ။ အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင် မဟာမောဂ္ဂလာန်မထေရ်တို့အား (ဆွေမတော် မျိုးမစပ်၊ သွေးမနီးကပ်သူတို့အား) အစဉ်ကျော် ၍ ပေးတော်မူ လိုက်သောအခါ ဒေါသအမျက် ချောင်းချောင်းထွက်ပေါ်လာတော့သည်။ ဖြည့်ကျင့်ခဲ့သော ပါရမီတို့ကို မမြင်တော့ဘဲ တစ်ဖက်သတ် မျက်နှာလိုက်သည်ဟုပင် ထင်ခဲ့သည်။

          ဂုဏ်ဖော်လိုသူသည် ဖော်လိုသောဂုဏ်မရသောအခါ ဗုဒ္ဓကိုပင် သေကြောင်းကြံစည်တတ်ကြောင်း အရှင်ဒေ၀ဒတ်က သက်သေပြသွားခဲ့သဖြင့် ဗုဒ္ဓသာသနာသမိုင်းတစ်ခေတ်လုံးတွင် ကမ္ပည်းတင်စ ရာကြီး ဖြစ်ခဲ့ ရသည်မဟုတ်ပါလော။

          ‘ အရက်ပြတ်လျှင် ခွက်ကပ်နှင့်မူး’ ဟူသောစကားကဲ့သို့ ဗုဒ္ဓထံမှ တစ်စုံတစ်ခုသော ဆု(ဧတဒဂ်)ကို မရသောအခါ အိမ်ရှေ့ကိုယ်တော်လေးဖြစ်ခဲ့ဘူးသော အရှင်ဒေ၀ဒတ်သည် သာသနာကို ရာဇသွေးသွင်း၍ ကိုးကွယ်သောအပေါင်းအသင်းများ ရှာကြံလေတော့သည်။

          ခေတ်အခြေအနေကလည်း အ၀တ်မ၀တ်ကြသူတို့ကပင် “ဘုရားရှင်”ဟု ကြွေးကြော်နေကြသော ကာလ ဖြစ်နေသဖြင့် ဗုဒ္ဓကို သတ်၍ ဘုရားမြတ်လုပ်လိုသော အရှင်ဒေ၀ဒတ်အတွက် ဘာများ အခက်အခဲရှိ ပါခြိမ့်မည် နည်း။

          သို့ပါသော်လည်း လုပ်ကြံမှုကြီးကား အောင်မြင်မှုမရခဲ့ပါချေ။ ထိုသို့ မအောင်မြင်လေသောကြောင့် အသားလွတ်စားခြင်း၊ ပံသုကူအ၀တ်ကို ၀တ်ခြင်း၊ သစ်ပင်အောက်၌ နေခြင်းစသောအကျင့်တို့ကို အလိုဆိုးရှိ သောစိတ်ဖြင့် မိမိကိုယ်ကို ဘုရား-ဟု လက်ညှိုးထိုးကာ လှည့်လည်သွားလာ နေထိုင် ခဲ့လေသည်။

          မကောင်းမှုပြုထားသောသူအား လူသားအသိသက်သေမရှိပေငြားသော်လည်း နတ်ဗြဟ္မာအများ တို့က သိနေတတ်ကြသည်။ နတ်ဗြဟ္မာတို့ မေ့လျော့နေကြလျှင် မဟာပထ၀ီမြေပြင်ကြီးက အသိသက်သေအဖြစ် အမြဲ တည်ရှိနေတတ်သောကြောင့် ကုသိုလ်သက်တမ်းကုန်၍ အကုသိုလ်ကံ အကျိုးပေးဖို့ ဖန်လာခဲ့လျှင် မဟာပထ၀ီ မြေပြင်ကပင် နှစ်ခြမ်းကွဲ၍ အရှင်ဒေ၀ဒတ်အား မဟာအ၀ီစိငရဲသို့ အရှင်လတ်လတ် ဆွဲခေါ်သွားခဲ့သည် မဟုတ်ပါလော။

          ထို့ပြင် မာဂဏ္ဍီသည် သောတာပန်အရိယာမ “သာမာဝတီ”ကို အမြင်ကြည်လင်သူ မဟုတ်ချေ။ လင်တူ မယားချင်းမှန်သော်လည်း ဥတေနဘုရင်ကြီးထံက လင်သားမေတ္တာကို သူတစ်ဦးတည်းသာ အပိုင်စားရလို သည်။ ထို့ကြောင့်လည်း ‘သာမာဝတီသည် မိန်းမယုတ်တစ်ဦးသာဖြစ်ကြောင်း’ နန်းတွင်း၌ မောင်းကြေးနင်းခတ် သည့်အပြင် ဥတေနဘုရင် အထင်တော်လွဲရေး အတွက် စောင်းခွက်ထဲ၌ပင် မြွေဟောက်တစ်ကောင်ကို သွင်းကာ သာမာဝတီ၏ လက်ချက်သာဖြစ်ကြောင်း တစ်ဖက်စောင်းသောလက်ညှိုးဖြင့် ထိုးနှိပ်ညွှန်ပြခဲ့လေ သည်။
          ရုတ်တရက်ဆိုလျှင် ပုထုဇဉ်ပီပီ မသတီစရာလုပ်ရပ်ကို အဟုတ်မှတ်ပြီး အဘယ်သူ စိတ်မဆိုးပဲ နေနိုင် လေမည်နည်း။ ထို့ကြောင့် ဘုရင်ဥတေနသည် ဒေါသအမျက် ချောင်းချောင်းထွက်ကာ သာမာဝတီနှင့်အပေါင်း အပါတို့အား မြားဖြင့် ပစ်ခွင်းလေရာ လက်ညှိုးရှင် မာဂဏ္ဍီသည် အပျော်ကြီးပျော်နေပါသော်လည်း ထင်ထားသလိုကား ဖြစ်မလာခဲ့ပါချေ။ အသက်မပါလေသော မြားကပင် လာလမ်းအတိုင်း ပြန်လည်နှင်လာခဲ့ သဖြင့် ဘုရင်နှင့်တကွသော မာဂဏ္ဍီတို့ပါ အံ့သြကြရလေသည်။

          အတ္တမာန်ယစ်၍ သာမာဝတီအပေါ်သို့ ထိုးပစ်ခဲ့သောမာဂဏ္ဍီ၏ လက်ညှိုးသည် မရိုးသားမှန်း ဘုရင် ဥတေန သိသွားသောအခါ ဆီပူအိုးတွင် ကြော်လှော် သတ်ဖြတ်စေပြီး ဆွေမျိုးနီးစပ်တို့ပါမကျန် သံထွန်သွားဖြင့် မှုန်းကာ မာဂဏ္ဍီနှင့် အပေါင်းအပါတို့အား တန်ပြန်ဆုကို ပေးသနားတော်မူလိုက်လေသည်။ သူတစ်ပါးတို့အား လက်ညှိုးထိုး ညွှန်ပြတတ်ကြသောသူများ စဉ်းစားဆင်ခြင်ဖွယ်ရာပါတကား….။

          ပုထုဇဉ်ဟူသည် လောဘဒေါသမောဟဟူသော အမှားသံသရာနယ်ထဲ၌ တ၀ဲလည်လည်နေ ထိုင်ကြ သောသတ္တ၀ါအမျိုးအစားများဖြစ်ကြခြင်းကြောင့် အမှားကင်းသောသတ္တ၀ါ အလွန်နည်းပါးလှ ပါသည်။ ထိုအမှား မကင်းသူ အချင်းချင်းကို ငေါက်ငေါက်စင်းသောလက်ညှိုးဖြင့် ထိုးညွှန်ပြကြလျှင် ထိုကာယကံရှင်က မိမိဖက်သို့ တစ်ဖန် ပြန်လည်၍ မြားဦးလှည့်လာခဲ့ချေသော် ခံနိုင်တော်မူကြပါမည်လော။ စဉ်းစားကြရာ၏။

          ဤလောကအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သူသူငါငါ ပုထုဇဉ်သတ္တ၀ါတို့သည် “ထင်”တစ်လုံး ပိုင်ရှင်များသာ ဖြစ်ကြပါသည်။ မိမိကိုယ်ကို ထင်ထားသောထင်တစ်လုံးသည် မြင့်တက်နေ တတ်ကြသလောက် သူတစ်ပါးတို့အား ထင်ထားသောအထင်ကား နိမ့်ကျနေတတ်ပေသည်။ (လျှော့တွက်တတ်ပေသည်။)

          ပုထုဇဉ်အား ပုထုဇဉ်စိတ်ဖြင့် မြင်တတ်လျှင် သည်းခံခွင့်လွှတ်တတ်သော စိတ်ထား မွေးဖွားဖြစ်ပေါ် လာ နိုင်စရာရှိသော်လည်း (မိမိ၏သား  ‘သွားခေါ’ နေသည်ကိုတော့ ‘သွားပေါ်လေး’ဟုသာ မြင်တတ်ပြီး၊ သူတစ်ပါး သားသမီးတို့အား ‘သွားခေါကြီး’ဟု နိမ့်ကျဆန့်ကျင်သော ပုထုဇဉ်အမြင်ဖြင့် သာ မြင်နေတတ်ကြပါလျှင်) ဤလောကတစ်ခွင်၌ ငြိမ်းချမ်းသာယာဖွယ် မမြင်ပါတော့ချေ။

          ဤသို့သော တစ်ဖက်သတ် အမြင်မျိုးတို့သည် စာပေနယ်၌လည်းကောင်း၊ လူမှုနယ်ပယ်၌ လည်းကောင်း၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေးစသောနယ်ပယ်တို့၌သော်လည်းကောင်း တစ်ဖက်စောင်း သော အမြင်တို့ဖြင့် လက်ညှိုးထိုးချင်ကြသော လက်ညှိုးရှင်တို့ကို နေရာဒေသအမျိုးမျိုး တို့၌ တွေ့မြင်နေကြရ ပေသည်။

          “ဒီကောင်က ဆယ်တန်းတောင် အောင်လို့လား၊ ငါ့လို ၅-ဘွဲ့ရ ပညာရှင်ကို တုချင်လျှင် ဆယ်ဘ၀ ဆယ်ခါပင် ပါရမီဖြည့်စမ်းပါအုံး”ဟူသော ပညာမာနစကားသည် ပညာတတ်ခြင်းကြောင့်သာ ပြောထွက်နိုင် သည်မှန်သော်လည်း မိမိအကျင့်သီလက အချည်းနှီး ဗလာဖြစ်နေလျှင် မိမိ ထိုးညွှန်လိုက်သောထိုလက်ညှိုး သည် ပဲ့နှင့် တက် ကျိုးနေသော လှေကဲ့သို့ ချာချာလည်ကာ လိုရာ မရောက်နိုင်တော့ဘဲ တစ်ဖက်က ပြန်ပြောင်း ထိုးညွှန်လာခဲ့ပါလျှင် အသင်ကော ခံနိုင်ပါမည်လော။

          သူတစ်မျိုး ငါတစ်နည်း အချည်းနှီးသော လက်ညှိုးတို့ကို ထိုးနေကြရင်း စင်းနေသောလက်ညှိုးက တစ်ဖန် ကွေးလာကြပြန်သောကြောင့် (သူကွေး၊ ကိုယ်ကွေး၊ တစ်ကွေးတည်း ကွေးနေကြခြင်းကြောင့်) ကမ္ဘာကြီးတစ်ခုလုံး ယမ်းငွေ့ဖုံး၍ ကြိမ်မီးအုံးထားသကဲ့သို့ ပူလောင်နေကြရပါတော့သည်။

          လက်ညှိုးသည် ပုထုဇဉ်အချင်းချင်း ထိုးညွှန်ပြတတ်ကြသကဲ့သို့ ဘုရားအစရှိသော အရိယာ သူတော် ကောင်းတို့လည်း ထိုးညွှန်ပြတတ်ကြလေသည်။ ပုထုဇဉ်တို့ အချင်းချင်း ထိုးညွှန်ပြကြသော လက်ညှိုးတို့သည် အပါယ်လေးပါးသို့ ထိုးညွှန်ပြနေသည်နှင့် တူ၏။

          မိမိအပြစ်ကို မိမိမရှုဘဲ သူတစ်ပါးတို့၏ အပြစ်ကိုသာ ကြည့်၍ တစ်ဖက်သတ် ဖိထိုးလိုက်သော ထိုလက်ညှိုးမျိုးတို့သည် အပါယ်လေးပါးမှတစ်ပါး အခြားမရှိနိုင်ပါ။
          ဤ၌ ပုထုဇဉ်တို့ ထိုးညွှန်ပြတတ်ကြသော လက်ညှိုးတို့နှင့် ဘုရားအစရှိသောအရိယာသူတော်ကောင်း တို့ ထိုးညွှန်ကြသော လက်ညှိုးတို့၏ ကွာခြားပုံကို တင်ပြလိုပါသည်။
          သဗ္ဗညု မြတ်စွဘုရားရှင်သည် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်း၌ ရဟန်းတို့နှင့်အတူ သီးတင်းသုံးနေ ထိုင် တော်မူသောအခါ ဂင်္ဂါမြစ်ရေ အလျင်ဖြင့် မျောပါလာသောသစ်တုံးကြီး ကို မြင်တော်မူလေသည်။ ထိုအခါ မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းက----
          “ ပဿထ နော တုမှေ ဘိက္ခဝေ အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ၀ုယှမာနံ = ချစ်သားရဟန်းတို့.. ဟောဟို ဂင်္ဂါမြစ်ထဲက ရေအဟုန်မှာ မျောပါလာတဲ့ သစ်တုံးကြီးကို ကြည့်လိုက်ကြစမ်း” ဟူ၍ လက်ညှိုး ညွှန်ပြတော်မူလေသည်။

          ရဟန်းတို့က သစ်တုံးကြီးကို လှည့်၍ ကြည့်ရှုနေစဉ် “ရဟန်းတို့.. အကယ်၍ သစ်တုံးကြီးသည် ဤမှာ ဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာ ဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ရေလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့ မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊ ၀ဲ မစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မပုပ်မဆွေးခဲ့ပါလျှင်၊ ထိုသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်ကိုင်းနေသဖြင့် သမုဒ္ဒရာထဲသို့သာ ရောက်လတ္တံ့။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဂင်္ဂါမြစ်ရေ အလျင်သည် သမုဒ္ဒရာသို့ရောက်အောင် တွန်းပို့နေ ခြင်းကြောင့်ပေတည်း။”

          “ ရဟန်းတို့.. ဤမှာဘက်ကမ်းဟူသည်- အဇ္ဈတ္တိကာယတနခြောက်ပါးမည်၏။ ထိုမှာဘက်ကမ်း ဟူသည် ဗာဟိရာယတနခြောက်ပါးမည်၏။ အလယ်၌ နစ်မြုပ်ခြင်းဟူသည် နှစ်သက်စွဲမက်မှုနန္ဒီရာဂမည်၏။ ကြည်းကုန်း၌ တင်မှုဟူသည် ငါဟူသောအတ္တမာန်မည်၏။ လူတို့ ဆယ်ယူမှုဟူသည်- ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် ရောရောနှောနှောနေ၏၊ အတူတကွ နှစ်သက်မှု စိုးရိမ်မှုရှိ၏။ လူတို့ ချမ်းသာသည်ရှိသော် ချမ်းသာ၏။ လူတို့ ဆင်းရဲသည်ရှိသော် ဆင်းရဲ၏။ ပြုဖွယ်ကိစ္စ ပေါ်ပေါက်လာသည် ရှိသော် မိမိသည်ပင် ထိုကိစ္စ တို့၌ အားထုတ်ခြင်းသို့ ရောက်၏။ ဤသို့ဖြစ်ခြင်းသည် လူတို့ ဆယ်ယူခြင်းပင်တည်း”။

          “ရဟန်းတို့.. နတ်တို့ ဆယ်ယူမှု-ဟူသည် ဤသာသနာတော်၌ အချို့သောရဟန်းသည် တစ်ခုခုသော နတ်အဖြစ်ကို တောင်းတ၍ အကျင့်မြတ်ကို ကျင့်သုံး၏။ ဤသို့ ကျင့်သုံးခြင်းသည် နတ်တို့ ဆယ်ယူခြင်းပေ တည်း။”
          “ရဟန်းတို့.. အတွင်း၌ ပုပ်ဆွေးခြင်း-ဟူသည် ကိုယ်ကျင့်သီလ မရှိခြင်း၊ ယုတ်ညံ့သောသဘောရှိခြင်း၊ မစင်ကြယ်သောအကျင့်ရှိခြင်း၊ ပြုလုပ်ထားသော မကောင်းမှုကို ဖုံးကွယ်ခြင်း၊ အကျင့်မြတ်ကို ကျင့်သုံးသူ မဟုတ်ဘဲ ကျင့်သုံးသူဟု ၀န်ခံခြင်း၊ အတွင်းပုပ်ခြင်း၊ ကိလေသာဖြင့် စိုစွတ်ခြင်း၊ သာသနာနှင့် မပတ်သက်သော လုပ်ငန်းတို့ဖြင့် ရှုပ်ထွေးနေခြင်း (အမှိုက်ရှုပ်ခြင်း)တို့သည် အတွင်း၌ ပုပ်ဆွေးမှုတို့ပေတည်း။”

“ရဟန်းတို့.. ၀ဲစုပ်ခြင်း-ဟူသည် ကာမဂုဏ်ငါးပါးတို့နှင့် ပျော်ပါးနေခြင်းတို့ပေတည်း” ဟု ဟောကြား   တော်မူလေသည်။ (သဠာယတနသံယုတ်၊ ဒါရုက္ခန္ဓောပမသုတ်)

          မြတ်စွာဘုရားရှင် ထိုးညွှန်တော်မူသော လက်ညှိုးသည် သတ္တ၀ါအားလုံး သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေနိုင်သော အကျိုးသတ္တိထူးတို့ဖြင့် ထုံမွှမ်းထားသောကြောင့် လက်ညှိုးထိုးလိုသူတို့ အတုယူထိုက် လှပါပေသည်။

          မြတ်စွာဘုရားရှင်သည် မိမိအား ကောသမ္ဗီပြည်သားတို့က အက္ကောသ၀တ္ထုဆယ်ပါးတို့ဖြင့် လက်ညှိုး ထိုးကာ အမျိုးမျိုးဆဲရေးခဲ့ကြသည်တို့ကိုလည်း သည်းခံတော်မူခဲ့၏။ တုံ့ပြန်ဆဲဆို ထိုးညွှန်ခြင်း မပြုခဲ့ချေ။ အာကြမ်း လျှာကြမ်း နှုတ်သရမ်းစွာ ဆဲရေး တိုင်းထွာတတ်သော ‘အက္ကောသဘာရဒွါဇပုဏ္ဏား’၏ အမနာပ စကားတို့ကိုလည်း မေတ္တာဖြင့်သာ တုံ့ပြန်တော်မူခဲ့ပါသည်။

          ပုထုဇဉ်လူသားတို့ အချင်းချင်း ထိုးညွှန်နေကြသော လက်ညှိုးတို့သည်ကား မီးခိုတန်းများ၊ တုတ်၊ ဓား၊ လက်နက်များတို့ ထွက်ပေါ်လာတတ်ကြသဖြင့် သောက=စိုးရိမ်ခြင်း၊ ပရိဒေ၀=ငိုကြွေးရခြင်းစသော အကျိုးဆက်တို့ဖြင့် အချင်းချင်း ထိုးနှက်ခံစားနေကြရသောကြောင့် ငြိမ်းအေးမှု မရနိုင်ပါချေ။

          မြက်ခင်းစိုက်ပျိုးသော သားမုဆိုးသည် “ငါ စိုက်ပျိုးထားသော ဤမြက်ခင်းကို သားသမင်အပေါင်းတို့ စားကြကုန်သည်ရှိသော် အသက်ရှည်၍ လှပသောအဆင်းရှိကြပါစေကုန်သတည်း”ဟု ရည်ရွယ် လျက် မြက်ခင်း စိုက်ပျိုးသည် မဟုတ်။

          အစာကို တပ်မက်လျက် သတိမေ့လျော့၍ သားမုဆိုး၏ အလိုရှိတိုင်း ပြုရန်အတွက်သာ ဖြစ်သကဲ့သို့ အချို့သောသူတို့ ထိုးညွှန်ပြနေကြကုန်သော လက်ညှိုးတို့သည် အချင်းချင်း မေတ္တာပျက်ပြား၍ အပါယ်သို့ သွားရန် ညွှန်ကြားနေသကဲ့သို့သာ ဖြစ်နေခြင်းကြောင့် သတိထား၍ ထိုးညွှန်ကြရာ၏။

          မြက်မီးရှုးကို ကိုင်၍ ဂင်္ဂါမြစ်ကို ဆူပွက်အောင် မစွမ်းဆောင်နိုင်သကဲ့သို့ လူယုတ်မာတို့၏ လက်ညှိုးထိုးညွှန် ပြခြင်းတို့သည်လည်း သူတော်ကောင်းတို့၏ နှလုံးသား၌ တုန်လှုပ်ခြင်းမရှိပါချေ။
          ထို့ကြောင့် ----
                             အို…လူသား   သင့်လက်ညှိုးကို သတိထား၍ ထိုးပါလော…။
ပန်းဒကာ - ကိုတင်မြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Popular Posts