လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Thursday, February 16, 2012

သင့် လက်ညှိုးကို သတိထား၍ ထိုးပါ



(ဓမ္မဒဿန = အတွေးအမြင်)
လူသည် စွမ်းအားရှင်ဖြစ်သကဲ့သို့ လက်ညှိုးထိုး ညွှန်ပြတတ်သူ လည်းဖြစ်၏။ လက်ညှိုးသည် မိမိကိုယ်ကို ထိုးညွှန်သော လက်ညှိုးနှင့် သူတစ်ပါးကို ထိုးညွှန်သော လက်ညှိုး ဟူ၍ နှစ်မျိုးနှစ်စားရှိရာတွင် တစ်မျိုး နှင့်တစ်မျိုး တူညီမှုမရှိပါချေ။ မိမိကိုယ်ကို ထိုးညွှန်သော လက်ညှိုးသည် “အတ္တ”ဖြင့် တည်ဆောက်ထားသော ကြောင့် အင်အားရှိ၏။ ဟန်၊ မာန်၊ ဌာန်တို့နှင့်လည်း ပြည့်စုံ၏။ ထို့ကြောင့် လက်မက ပင် ထောင်တက် ၍ အာမခံချက် ပေးနေသည် မဟုတ်ပါလော။
          သူတစ်ပါးကို ထိုးညွှန်ပြတတ်သောလက်ညှိုးသည် အင်အား-ဟု မဆိုသာသော်လည်း စိုက်ချလိုက် သောဂုဏ်သတ္တိနှင့်အတူ မျက်စိမျက်နှာပျက်ခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ အသားရောင် ပြောင်းလဲသွားခြင်းစသော အဖော်အင်အား ပိုမိုများပြားလှပေသည်။ အဘယ်မျှပင် များပြားလှပါသော်လည်း စိုက်ချလိုက်သောဂုဏ်သတ္တိ သည် တစ်ဖက်သား၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟူသောနံရံတို့နှင့် ထိတွေ့သောအခါ နောက်သို့ သွားတတ်လေသည်။

          မျက်စိမျက်နှာများကလည်း ရှုံ့တွကာ ‘ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ ’ဟူသောအသံလှိုင်းတို့ သည်လည်း တုန်ရီစွာ ထွက်ပေါ်လာကြလေသည်။ အစားအတွက် ဘုရား-ဟု ၀န်ခံထားကြသော ထင်တစ်လုံး ပိုင်ရှင် တက္ကတွန်းကြီးတို့သည် သူဌေးပုဏ္ဏ၏ နေအိမ် သို့ ရောက်ရှိလာကြသောအခါ ကျွေးမွေးဧည့်ခံသော အစားအစာတို့ကို စားသုံးနေကြစဉ် ကျောင်းအမကြီး ၀ိသာခါအရှင်မ၏ ပါးစပ်က “အဟော ဗုဒ္ဓေါ = သစ္စာလေး ပါးကို သိသော မြတ်စွာဘုရားသည် သြော် အံ့သြဖွယ်ပါတကား”ဟူသော အသံကို ကြားသိသွားကြသောအခါ စားထားသောအစာများပင် အံထွက်ကျလာကြလေသည်။

          တက္ကတွန်းကြီးတို့သည် အပြစ်အမျိုးမျိုးပြ၍ ဗုဒ္ဓအား လက်ညှိုးထိုး ညွှန်ပြတတ်ကြသော လူများဖြစ်ခြင်း ကြောင့် ထိုဗုဒ္ဓအား ချီးကျူးဂုဏ်ပြုသောအသံကို ကြားကြရသောအခါ ကျောက်နံရံကြီးနှင့် ထိတွေ့လိုက်ရဘိ သကဲ့သို့ စားပြီးသောအစာများ အံထွက်ကျလာအောင် အရုပ်ဆိုးသွားကြလေသည်။

          ထို့ပြင် အရှင်ဒေ၀ဒတ်သည် အရှင်အနုရုဒ္ဓါမထေရ်နှင့်အတူ သာသနာ့ဘောင်သို့ ၀င်ရောက်လာခဲ့သူ ဖြစ်ပါသည်။ ဗုဒ္ဓက --- “နတ်မျက်စိကဲ့သို့ စူးရှထက်မြတ်သော အမြင်ရှိသူ(ဒိဗ္ဗစက္ခု အဘိညာဉ်)အရာမှာ အနုရုဒ္ဓါ သည် အသာလွန်ဆုံး”ဟူသော ဆု(ဧတဒဂ်)ကို ပေးတော်မူလိုက်သောအခါ အရှင်ဒေ၀ဒတ်သည် ၀မ်းမသာနိုင် ဘဲ ငါလည်း ရမှာပဲ-ဟူသော ထင်တစ်လုံးကို တပ်ဆင်ခဲ့လေသည်။

          ဆု-ဟူသည် တောင်းယူ၍ ရကောင်းသောအရာ မဟုတ်ပါ။ အကယ်၍ ရလာလျှင်လည်း ထိုဆုသည် ဘာများတန်ဖိုးကြီးပါလေတော့မည်နည်း။ အရှင်ဒေ၀ဒတ်သည် သံဃာ့အစည်းအဝေးကြီးတစ်ခုနှင့် ကြုံလေ တိုင်း ဘုရားရှင် မြင်လောက်သောနေရာ၌ ထိုင်ကာ---- ဗုဒ္ဓက ငါ့အား အဘယ်သို့သောဆု (ဧတဒဂ်)မျိုး ကို ပေးလေမလဲ-ဟု မျက်စောင်းတစ်ခဲခဲဖြင့်သာ စောင့်ဆိုင်းနေခဲ့ပါသည်။

          သို့သော် အရှင်ဒေ၀ဒတ် ထင်ထားသလိုကား ဖြစ်မလာခဲ့ပါချေ။ အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင် မဟာမောဂ္ဂလာန်မထေရ်တို့အား (ဆွေမတော် မျိုးမစပ်၊ သွေးမနီးကပ်သူတို့အား) အစဉ်ကျော် ၍ ပေးတော်မူ လိုက်သောအခါ ဒေါသအမျက် ချောင်းချောင်းထွက်ပေါ်လာတော့သည်။ ဖြည့်ကျင့်ခဲ့သော ပါရမီတို့ကို မမြင်တော့ဘဲ တစ်ဖက်သတ် မျက်နှာလိုက်သည်ဟုပင် ထင်ခဲ့သည်။

          ဂုဏ်ဖော်လိုသူသည် ဖော်လိုသောဂုဏ်မရသောအခါ ဗုဒ္ဓကိုပင် သေကြောင်းကြံစည်တတ်ကြောင်း အရှင်ဒေ၀ဒတ်က သက်သေပြသွားခဲ့သဖြင့် ဗုဒ္ဓသာသနာသမိုင်းတစ်ခေတ်လုံးတွင် ကမ္ပည်းတင်စ ရာကြီး ဖြစ်ခဲ့ ရသည်မဟုတ်ပါလော။

          ‘ အရက်ပြတ်လျှင် ခွက်ကပ်နှင့်မူး’ ဟူသောစကားကဲ့သို့ ဗုဒ္ဓထံမှ တစ်စုံတစ်ခုသော ဆု(ဧတဒဂ်)ကို မရသောအခါ အိမ်ရှေ့ကိုယ်တော်လေးဖြစ်ခဲ့ဘူးသော အရှင်ဒေ၀ဒတ်သည် သာသနာကို ရာဇသွေးသွင်း၍ ကိုးကွယ်သောအပေါင်းအသင်းများ ရှာကြံလေတော့သည်။

          ခေတ်အခြေအနေကလည်း အ၀တ်မ၀တ်ကြသူတို့ကပင် “ဘုရားရှင်”ဟု ကြွေးကြော်နေကြသော ကာလ ဖြစ်နေသဖြင့် ဗုဒ္ဓကို သတ်၍ ဘုရားမြတ်လုပ်လိုသော အရှင်ဒေ၀ဒတ်အတွက် ဘာများ အခက်အခဲရှိ ပါခြိမ့်မည် နည်း။

          သို့ပါသော်လည်း လုပ်ကြံမှုကြီးကား အောင်မြင်မှုမရခဲ့ပါချေ။ ထိုသို့ မအောင်မြင်လေသောကြောင့် အသားလွတ်စားခြင်း၊ ပံသုကူအ၀တ်ကို ၀တ်ခြင်း၊ သစ်ပင်အောက်၌ နေခြင်းစသောအကျင့်တို့ကို အလိုဆိုးရှိ သောစိတ်ဖြင့် မိမိကိုယ်ကို ဘုရား-ဟု လက်ညှိုးထိုးကာ လှည့်လည်သွားလာ နေထိုင် ခဲ့လေသည်။

          မကောင်းမှုပြုထားသောသူအား လူသားအသိသက်သေမရှိပေငြားသော်လည်း နတ်ဗြဟ္မာအများ တို့က သိနေတတ်ကြသည်။ နတ်ဗြဟ္မာတို့ မေ့လျော့နေကြလျှင် မဟာပထ၀ီမြေပြင်ကြီးက အသိသက်သေအဖြစ် အမြဲ တည်ရှိနေတတ်သောကြောင့် ကုသိုလ်သက်တမ်းကုန်၍ အကုသိုလ်ကံ အကျိုးပေးဖို့ ဖန်လာခဲ့လျှင် မဟာပထ၀ီ မြေပြင်ကပင် နှစ်ခြမ်းကွဲ၍ အရှင်ဒေ၀ဒတ်အား မဟာအ၀ီစိငရဲသို့ အရှင်လတ်လတ် ဆွဲခေါ်သွားခဲ့သည် မဟုတ်ပါလော။

          ထို့ပြင် မာဂဏ္ဍီသည် သောတာပန်အရိယာမ “သာမာဝတီ”ကို အမြင်ကြည်လင်သူ မဟုတ်ချေ။ လင်တူ မယားချင်းမှန်သော်လည်း ဥတေနဘုရင်ကြီးထံက လင်သားမေတ္တာကို သူတစ်ဦးတည်းသာ အပိုင်စားရလို သည်။ ထို့ကြောင့်လည်း ‘သာမာဝတီသည် မိန်းမယုတ်တစ်ဦးသာဖြစ်ကြောင်း’ နန်းတွင်း၌ မောင်းကြေးနင်းခတ် သည့်အပြင် ဥတေနဘုရင် အထင်တော်လွဲရေး အတွက် စောင်းခွက်ထဲ၌ပင် မြွေဟောက်တစ်ကောင်ကို သွင်းကာ သာမာဝတီ၏ လက်ချက်သာဖြစ်ကြောင်း တစ်ဖက်စောင်းသောလက်ညှိုးဖြင့် ထိုးနှိပ်ညွှန်ပြခဲ့လေ သည်။
          ရုတ်တရက်ဆိုလျှင် ပုထုဇဉ်ပီပီ မသတီစရာလုပ်ရပ်ကို အဟုတ်မှတ်ပြီး အဘယ်သူ စိတ်မဆိုးပဲ နေနိုင် လေမည်နည်း။ ထို့ကြောင့် ဘုရင်ဥတေနသည် ဒေါသအမျက် ချောင်းချောင်းထွက်ကာ သာမာဝတီနှင့်အပေါင်း အပါတို့အား မြားဖြင့် ပစ်ခွင်းလေရာ လက်ညှိုးရှင် မာဂဏ္ဍီသည် အပျော်ကြီးပျော်နေပါသော်လည်း ထင်ထားသလိုကား ဖြစ်မလာခဲ့ပါချေ။ အသက်မပါလေသော မြားကပင် လာလမ်းအတိုင်း ပြန်လည်နှင်လာခဲ့ သဖြင့် ဘုရင်နှင့်တကွသော မာဂဏ္ဍီတို့ပါ အံ့သြကြရလေသည်။

          အတ္တမာန်ယစ်၍ သာမာဝတီအပေါ်သို့ ထိုးပစ်ခဲ့သောမာဂဏ္ဍီ၏ လက်ညှိုးသည် မရိုးသားမှန်း ဘုရင် ဥတေန သိသွားသောအခါ ဆီပူအိုးတွင် ကြော်လှော် သတ်ဖြတ်စေပြီး ဆွေမျိုးနီးစပ်တို့ပါမကျန် သံထွန်သွားဖြင့် မှုန်းကာ မာဂဏ္ဍီနှင့် အပေါင်းအပါတို့အား တန်ပြန်ဆုကို ပေးသနားတော်မူလိုက်လေသည်။ သူတစ်ပါးတို့အား လက်ညှိုးထိုး ညွှန်ပြတတ်ကြသောသူများ စဉ်းစားဆင်ခြင်ဖွယ်ရာပါတကား….။

          ပုထုဇဉ်ဟူသည် လောဘဒေါသမောဟဟူသော အမှားသံသရာနယ်ထဲ၌ တ၀ဲလည်လည်နေ ထိုင်ကြ သောသတ္တ၀ါအမျိုးအစားများဖြစ်ကြခြင်းကြောင့် အမှားကင်းသောသတ္တ၀ါ အလွန်နည်းပါးလှ ပါသည်။ ထိုအမှား မကင်းသူ အချင်းချင်းကို ငေါက်ငေါက်စင်းသောလက်ညှိုးဖြင့် ထိုးညွှန်ပြကြလျှင် ထိုကာယကံရှင်က မိမိဖက်သို့ တစ်ဖန် ပြန်လည်၍ မြားဦးလှည့်လာခဲ့ချေသော် ခံနိုင်တော်မူကြပါမည်လော။ စဉ်းစားကြရာ၏။

          ဤလောကအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သူသူငါငါ ပုထုဇဉ်သတ္တ၀ါတို့သည် “ထင်”တစ်လုံး ပိုင်ရှင်များသာ ဖြစ်ကြပါသည်။ မိမိကိုယ်ကို ထင်ထားသောထင်တစ်လုံးသည် မြင့်တက်နေ တတ်ကြသလောက် သူတစ်ပါးတို့အား ထင်ထားသောအထင်ကား နိမ့်ကျနေတတ်ပေသည်။ (လျှော့တွက်တတ်ပေသည်။)

          ပုထုဇဉ်အား ပုထုဇဉ်စိတ်ဖြင့် မြင်တတ်လျှင် သည်းခံခွင့်လွှတ်တတ်သော စိတ်ထား မွေးဖွားဖြစ်ပေါ် လာ နိုင်စရာရှိသော်လည်း (မိမိ၏သား  ‘သွားခေါ’ နေသည်ကိုတော့ ‘သွားပေါ်လေး’ဟုသာ မြင်တတ်ပြီး၊ သူတစ်ပါး သားသမီးတို့အား ‘သွားခေါကြီး’ဟု နိမ့်ကျဆန့်ကျင်သော ပုထုဇဉ်အမြင်ဖြင့် သာ မြင်နေတတ်ကြပါလျှင်) ဤလောကတစ်ခွင်၌ ငြိမ်းချမ်းသာယာဖွယ် မမြင်ပါတော့ချေ။

          ဤသို့သော တစ်ဖက်သတ် အမြင်မျိုးတို့သည် စာပေနယ်၌လည်းကောင်း၊ လူမှုနယ်ပယ်၌ လည်းကောင်း၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေးစသောနယ်ပယ်တို့၌သော်လည်းကောင်း တစ်ဖက်စောင်း သော အမြင်တို့ဖြင့် လက်ညှိုးထိုးချင်ကြသော လက်ညှိုးရှင်တို့ကို နေရာဒေသအမျိုးမျိုး တို့၌ တွေ့မြင်နေကြရ ပေသည်။

          “ဒီကောင်က ဆယ်တန်းတောင် အောင်လို့လား၊ ငါ့လို ၅-ဘွဲ့ရ ပညာရှင်ကို တုချင်လျှင် ဆယ်ဘ၀ ဆယ်ခါပင် ပါရမီဖြည့်စမ်းပါအုံး”ဟူသော ပညာမာနစကားသည် ပညာတတ်ခြင်းကြောင့်သာ ပြောထွက်နိုင် သည်မှန်သော်လည်း မိမိအကျင့်သီလက အချည်းနှီး ဗလာဖြစ်နေလျှင် မိမိ ထိုးညွှန်လိုက်သောထိုလက်ညှိုး သည် ပဲ့နှင့် တက် ကျိုးနေသော လှေကဲ့သို့ ချာချာလည်ကာ လိုရာ မရောက်နိုင်တော့ဘဲ တစ်ဖက်က ပြန်ပြောင်း ထိုးညွှန်လာခဲ့ပါလျှင် အသင်ကော ခံနိုင်ပါမည်လော။

          သူတစ်မျိုး ငါတစ်နည်း အချည်းနှီးသော လက်ညှိုးတို့ကို ထိုးနေကြရင်း စင်းနေသောလက်ညှိုးက တစ်ဖန် ကွေးလာကြပြန်သောကြောင့် (သူကွေး၊ ကိုယ်ကွေး၊ တစ်ကွေးတည်း ကွေးနေကြခြင်းကြောင့်) ကမ္ဘာကြီးတစ်ခုလုံး ယမ်းငွေ့ဖုံး၍ ကြိမ်မီးအုံးထားသကဲ့သို့ ပူလောင်နေကြရပါတော့သည်။

          လက်ညှိုးသည် ပုထုဇဉ်အချင်းချင်း ထိုးညွှန်ပြတတ်ကြသကဲ့သို့ ဘုရားအစရှိသော အရိယာ သူတော် ကောင်းတို့လည်း ထိုးညွှန်ပြတတ်ကြလေသည်။ ပုထုဇဉ်တို့ အချင်းချင်း ထိုးညွှန်ပြကြသော လက်ညှိုးတို့သည် အပါယ်လေးပါးသို့ ထိုးညွှန်ပြနေသည်နှင့် တူ၏။

          မိမိအပြစ်ကို မိမိမရှုဘဲ သူတစ်ပါးတို့၏ အပြစ်ကိုသာ ကြည့်၍ တစ်ဖက်သတ် ဖိထိုးလိုက်သော ထိုလက်ညှိုးမျိုးတို့သည် အပါယ်လေးပါးမှတစ်ပါး အခြားမရှိနိုင်ပါ။
          ဤ၌ ပုထုဇဉ်တို့ ထိုးညွှန်ပြတတ်ကြသော လက်ညှိုးတို့နှင့် ဘုရားအစရှိသောအရိယာသူတော်ကောင်း တို့ ထိုးညွှန်ကြသော လက်ညှိုးတို့၏ ကွာခြားပုံကို တင်ပြလိုပါသည်။
          သဗ္ဗညု မြတ်စွဘုရားရှင်သည် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်း၌ ရဟန်းတို့နှင့်အတူ သီးတင်းသုံးနေ ထိုင် တော်မူသောအခါ ဂင်္ဂါမြစ်ရေ အလျင်ဖြင့် မျောပါလာသောသစ်တုံးကြီး ကို မြင်တော်မူလေသည်။ ထိုအခါ မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းက----
          “ ပဿထ နော တုမှေ ဘိက္ခဝေ အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ၀ုယှမာနံ = ချစ်သားရဟန်းတို့.. ဟောဟို ဂင်္ဂါမြစ်ထဲက ရေအဟုန်မှာ မျောပါလာတဲ့ သစ်တုံးကြီးကို ကြည့်လိုက်ကြစမ်း” ဟူ၍ လက်ညှိုး ညွှန်ပြတော်မူလေသည်။

          ရဟန်းတို့က သစ်တုံးကြီးကို လှည့်၍ ကြည့်ရှုနေစဉ် “ရဟန်းတို့.. အကယ်၍ သစ်တုံးကြီးသည် ဤမှာ ဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာ ဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ရေလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့ မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊ ၀ဲ မစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မပုပ်မဆွေးခဲ့ပါလျှင်၊ ထိုသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်ကိုင်းနေသဖြင့် သမုဒ္ဒရာထဲသို့သာ ရောက်လတ္တံ့။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဂင်္ဂါမြစ်ရေ အလျင်သည် သမုဒ္ဒရာသို့ရောက်အောင် တွန်းပို့နေ ခြင်းကြောင့်ပေတည်း။”

          “ ရဟန်းတို့.. ဤမှာဘက်ကမ်းဟူသည်- အဇ္ဈတ္တိကာယတနခြောက်ပါးမည်၏။ ထိုမှာဘက်ကမ်း ဟူသည် ဗာဟိရာယတနခြောက်ပါးမည်၏။ အလယ်၌ နစ်မြုပ်ခြင်းဟူသည် နှစ်သက်စွဲမက်မှုနန္ဒီရာဂမည်၏။ ကြည်းကုန်း၌ တင်မှုဟူသည် ငါဟူသောအတ္တမာန်မည်၏။ လူတို့ ဆယ်ယူမှုဟူသည်- ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် ရောရောနှောနှောနေ၏၊ အတူတကွ နှစ်သက်မှု စိုးရိမ်မှုရှိ၏။ လူတို့ ချမ်းသာသည်ရှိသော် ချမ်းသာ၏။ လူတို့ ဆင်းရဲသည်ရှိသော် ဆင်းရဲ၏။ ပြုဖွယ်ကိစ္စ ပေါ်ပေါက်လာသည် ရှိသော် မိမိသည်ပင် ထိုကိစ္စ တို့၌ အားထုတ်ခြင်းသို့ ရောက်၏။ ဤသို့ဖြစ်ခြင်းသည် လူတို့ ဆယ်ယူခြင်းပင်တည်း”။

          “ရဟန်းတို့.. နတ်တို့ ဆယ်ယူမှု-ဟူသည် ဤသာသနာတော်၌ အချို့သောရဟန်းသည် တစ်ခုခုသော နတ်အဖြစ်ကို တောင်းတ၍ အကျင့်မြတ်ကို ကျင့်သုံး၏။ ဤသို့ ကျင့်သုံးခြင်းသည် နတ်တို့ ဆယ်ယူခြင်းပေ တည်း။”
          “ရဟန်းတို့.. အတွင်း၌ ပုပ်ဆွေးခြင်း-ဟူသည် ကိုယ်ကျင့်သီလ မရှိခြင်း၊ ယုတ်ညံ့သောသဘောရှိခြင်း၊ မစင်ကြယ်သောအကျင့်ရှိခြင်း၊ ပြုလုပ်ထားသော မကောင်းမှုကို ဖုံးကွယ်ခြင်း၊ အကျင့်မြတ်ကို ကျင့်သုံးသူ မဟုတ်ဘဲ ကျင့်သုံးသူဟု ၀န်ခံခြင်း၊ အတွင်းပုပ်ခြင်း၊ ကိလေသာဖြင့် စိုစွတ်ခြင်း၊ သာသနာနှင့် မပတ်သက်သော လုပ်ငန်းတို့ဖြင့် ရှုပ်ထွေးနေခြင်း (အမှိုက်ရှုပ်ခြင်း)တို့သည် အတွင်း၌ ပုပ်ဆွေးမှုတို့ပေတည်း။”

“ရဟန်းတို့.. ၀ဲစုပ်ခြင်း-ဟူသည် ကာမဂုဏ်ငါးပါးတို့နှင့် ပျော်ပါးနေခြင်းတို့ပေတည်း” ဟု ဟောကြား   တော်မူလေသည်။ (သဠာယတနသံယုတ်၊ ဒါရုက္ခန္ဓောပမသုတ်)

          မြတ်စွာဘုရားရှင် ထိုးညွှန်တော်မူသော လက်ညှိုးသည် သတ္တ၀ါအားလုံး သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေနိုင်သော အကျိုးသတ္တိထူးတို့ဖြင့် ထုံမွှမ်းထားသောကြောင့် လက်ညှိုးထိုးလိုသူတို့ အတုယူထိုက် လှပါပေသည်။

          မြတ်စွာဘုရားရှင်သည် မိမိအား ကောသမ္ဗီပြည်သားတို့က အက္ကောသ၀တ္ထုဆယ်ပါးတို့ဖြင့် လက်ညှိုး ထိုးကာ အမျိုးမျိုးဆဲရေးခဲ့ကြသည်တို့ကိုလည်း သည်းခံတော်မူခဲ့၏။ တုံ့ပြန်ဆဲဆို ထိုးညွှန်ခြင်း မပြုခဲ့ချေ။ အာကြမ်း လျှာကြမ်း နှုတ်သရမ်းစွာ ဆဲရေး တိုင်းထွာတတ်သော ‘အက္ကောသဘာရဒွါဇပုဏ္ဏား’၏ အမနာပ စကားတို့ကိုလည်း မေတ္တာဖြင့်သာ တုံ့ပြန်တော်မူခဲ့ပါသည်။

          ပုထုဇဉ်လူသားတို့ အချင်းချင်း ထိုးညွှန်နေကြသော လက်ညှိုးတို့သည်ကား မီးခိုတန်းများ၊ တုတ်၊ ဓား၊ လက်နက်များတို့ ထွက်ပေါ်လာတတ်ကြသဖြင့် သောက=စိုးရိမ်ခြင်း၊ ပရိဒေ၀=ငိုကြွေးရခြင်းစသော အကျိုးဆက်တို့ဖြင့် အချင်းချင်း ထိုးနှက်ခံစားနေကြရသောကြောင့် ငြိမ်းအေးမှု မရနိုင်ပါချေ။

          မြက်ခင်းစိုက်ပျိုးသော သားမုဆိုးသည် “ငါ စိုက်ပျိုးထားသော ဤမြက်ခင်းကို သားသမင်အပေါင်းတို့ စားကြကုန်သည်ရှိသော် အသက်ရှည်၍ လှပသောအဆင်းရှိကြပါစေကုန်သတည်း”ဟု ရည်ရွယ် လျက် မြက်ခင်း စိုက်ပျိုးသည် မဟုတ်။

          အစာကို တပ်မက်လျက် သတိမေ့လျော့၍ သားမုဆိုး၏ အလိုရှိတိုင်း ပြုရန်အတွက်သာ ဖြစ်သကဲ့သို့ အချို့သောသူတို့ ထိုးညွှန်ပြနေကြကုန်သော လက်ညှိုးတို့သည် အချင်းချင်း မေတ္တာပျက်ပြား၍ အပါယ်သို့ သွားရန် ညွှန်ကြားနေသကဲ့သို့သာ ဖြစ်နေခြင်းကြောင့် သတိထား၍ ထိုးညွှန်ကြရာ၏။

          မြက်မီးရှုးကို ကိုင်၍ ဂင်္ဂါမြစ်ကို ဆူပွက်အောင် မစွမ်းဆောင်နိုင်သကဲ့သို့ လူယုတ်မာတို့၏ လက်ညှိုးထိုးညွှန် ပြခြင်းတို့သည်လည်း သူတော်ကောင်းတို့၏ နှလုံးသား၌ တုန်လှုပ်ခြင်းမရှိပါချေ။
          ထို့ကြောင့် ----
                             အို…လူသား   သင့်လက်ညှိုးကို သတိထား၍ ထိုးပါလော…။
ပန်းဒကာ - ကိုတင်မြင့်

Tuesday, February 14, 2012

ကံနှင့် ကံအကျိုးကို ခွဲခြမ်းစိတ်ဖြာဝေဖန်ခြင်း


မြတ်စွာဘုရား၏ ၃၂ ပါးသော လက္ခဏာတော်များ ရရှိကြောင်း 
ရှေးကောင်းမှုကုသိုလ်ကံများ

၁။ ဖ၀ါးတော် ညီညာခြင်းအကြောင်း
လင်္ကာ(၁) ။ ။ ဘ၀ထိုထို၊ ရှေးအဟိုဝယ်၊ ကုသိုလ်ပွားလူး၊ တရားထူး၌၊ စူးစိုက်မြဲ လျက်၊ ဆောက်တည်ချက်ကို၊ တားဖျက်မနိုင်၊ ကြံ့ခိုင်ခဲ့ခြင်း၊ ကောင်းမှုရင်းကြောင့်-- -၊ ရွှေခြေနင်းဟန်၊ နင်းပြန်အတူ၊ ကြွမူမခြား၊ ဖ၀ါးတော်ညီညာ၊ လက္ခဏာတော်၊ အာနုဘော်ဖြင့်---၊ ကျူးကျော်ဝံ့စား၊ လှုပ်ချောက်ချားအောင်၊ စွမ်းအားရှိမူ၊ ဘယ်ရန်သူမျှ၊ မပြုဝံ့ပါသော  မြတ်စွာဘုရား   မြတ်စွာဘုရား။ 

၂။ ဖ၀ါးတော်ဝယ် ၁၀၈ ကွက် စက်လက္ခဏာ ပါရှိခြင်းအကြောင်း
လင်္ကာ(၂) ။     ။ သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်---၊ ၀န်းရံပတ်လျက်၊ ရာ့ရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊   ထောင်ပေါင်း အကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖ၀ါး၌၊ ကြီးမားတေဇော်၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်---၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ ရှိတော်မူသော မြတ်စွာဘုရား   မြတ်စွာဘုရား။

၃။ ဖနောင့်တော် လက်ချောင်း ခြေချောင်းတော် ရှည်သွယ်၍ ဖြောင့်မတ်သော ကိုယ်တော်ရှိကြောင်း
လင်္ကာ(၃)။      ။ ခြ ပုန်း ပိုး ရွ၊ စသည် မကြွင်း၊ သတ်ဖြတ်ခြင်းကို၊ အလျှင်းမပြု၊ ဤကောင်းမှုကြောင့်---၊ ဖနောင့်လက်ချောင်း၊ ခြေချောင်းသွယ်ရှည်၊ ဖြောင့်သည်ကိုယ်မှာ၊ လက္ခဏာဖြင့်---၊ မေတ္တာမပွား၊ တဖက် သားတို့၊ တုတ်ဓားဆောင်ယူ၊ သတ်လိုမူလည်း၊ ဘယ်သူမစွမ်း၊ ဘေးဘျမ်းမရှိ၊ ပကတိအသက် ရှည်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၎။ ခုနစ်ဌာန အသားတော် ပြည့်ဖြိုးခြင်းအကြောင်း
လင်္ကာ(၄)။      ။ ချိုမြိန်ကောင်းမြတ်၊ ရသာဓာတ်ကို၊ ဆက်ကပ်ပူဇော်၊ လှူဘူးသော်ကြောင့်---၊ ခြေတော် ဖမိုး၊ လက်ဖမိုးတော်၊ ပခုံးတော်နှင့်၊ ကုတ်(ဂုတ်)တော် ခုနစ်ချက်၊ စုံလျက်ဖြိုးဖြိုး၊ ညှပ်ရိုးပခုံး၊ လက်ရုံး ရင်တော်၊ ခုနစ်ဖော်လည်း၊ ရှုမျှော်မညှိုး၊ ဆူဖြိုးတင့်စွာ၊ လက္ခဏာဖြင့်---၊ အရသာဓာတ်၊ ထူးအမြတ်ကို၊ မပြတ်သုံးဆောင် တော်မူရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

၅။ လက်ခြေနူးညံ့၍ ရွှေဇာကွန်ရက် ခက်သကဲ့သို့ ရှိတော်မူခြင်းအကြောင်း
လင်္ကာ(၄)။      ။ ချစ်ဖွယ်စကား၊ ပေကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်ဟု၊ လေးဆင့်သင်္ဂြိုဟ်၊ သူ့ကိုယ်ထောက်ထား၊ ကောင်းမှုအားကြောင့်---၊ လက်ဖ၀ါးနှင့်၊ ခြေဖ၀ါးပါ၊ နူးညံ့စွာ၏၊ ရှစ်ဖြာလက်ချောင်း၊ ဆယ်ချောင်းခြေတော်၊ ညီမျှသော်ကြောင့်၊ မုယော်တွင်လစ်၊ အတွင်းဆစ်၌၊ ရေးရစ်ဖြောင့်လေ့၊ စပါးစေ့များ၊ ပွတ်တံခါးသို့၊ ဖြောင့်သားညီညာ၊ လက္ခဏာဖြင့်၊ ကောင်းစွာသိမ်းဆည်း၊ လုံးစည်းပေါင်းစု၊ လက်တွင်းပြုအပ်၊ ပရိတ်သတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 
(သင်္ဂဟ တရား ၄-မျိုး
(၁) ပေးကမ်းမှ နှစ်သက်သူကို ပေးကမ်းခြင်း = ဒါန၊
(၂) ပိယ၀ါစာ ချိုသာစကား ပြောကြားခြင်းကိုသာ အလိုရှိသူကို ပိယ၀ါစာ ချိုသာစကား ပြောကြားခြင်း = ပေယျဝဇ္ဇ၊
(၃) အကျိုးရှိအောင် ပြောဆိုဆုံးမခြင်းကို အလိုရှိသောသူတို့ကို အကျိုးရှိအောင် ကျင့်ကြံပြောဆိုခြင်း = အတ္ထစရိယာ၊
(၄) ဆင်းရဲ ချမ်းသာ အရာရာဝယ် ကိုယ်တူကျင့်မှ (တန်းတူထားမှ) ကျေနပ်နှစ်သက်သူကို ကိုယ်တူကျင့်ခြင်း = သမာနတ္တတာ။ )

၆။ ဖမျက်တော်မြင့်၍ မွေးညှင်းတော် ပျံခြင်းအကြောင်း
လင်္ကာ(၆)။      ။ ကြောင်းကျိုးဖော်ပြ၊ မြတ်ဓမ္မကို၊ မိန့်ဟဟောကျူး၊ ပြုခဲ့ဘူး၍---၊   မြင့်စူးဖမျက်၊   ရွှေမျက်ခွက်ကို၊ မော့လျက်ဖူးဟန်၊ မွေးညှင်းပျံသည့်၊ နှစ်တန်ခြင်းရာ၊ လက္ခဏာဖြင့်---၊ သတ္တ၀ါအလုံး၊ လူတဖြုံးကို၊ လွှမ်းဖုံးပိုမောက်၊ အခေါင်ရောက်သဖြင့်၊ ပါမောက်တစ်ဆူ၊ ဖြစ်တော်မူပါသော   မြတ်စွာဘုရား   မြတ်စွာဘုရား။ 
၇။ ဧဏီမည်သောသား (တနည်း - စပါးဖုံး) ကဲ့သို့ လုံးဝန်းတင့်တယ်သော သလုံးတော်ရှိခြင်းအကြောင်း
လင်္ကာ(၇)။      ။ နှုတ်မှုပညာ၊ လက်ပညာကို၊ ကောင်းစွာပို့ချ၊ သင်ခဲ့ပြ၍---၊ တောဝယ်မြိုင်ဖျား၊ ဧဏီသားသို့၊ စပါးဖုံးဟန်၊ လုံးလျားတင့်တယ်၊ သလုံးတော်ချယ်သဖြင့်---၊ သုံးဖွယ် သုံးရာ၊ အဖြာဖြာကို၊ မြန်စွာခဏ၊ ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

၈။ သိမ်မွေ့သော အရေတော်ရှိခြင်းအကြောင်း
လင်္ကာ(၈)။      ။ ရဟန်း ပုဏ္ဏား၊ သူမြတ်များသို့၊ ခစားဆည်းကပ်၊ သို့ပြုအပ်မည်၊ မအပ်မည်ကို၊ စိတ်ကြည် ညွတ်နူး၊ မေးခဲ့ဘူး၍---၊ နူးညံ့အရေ၊ ပိန်းကြာရွှေတွင်၊ ရေမတင်သို့၊ မြူလျှင်ကင်းဝေး၊ ညစ်ကြေးမလိမ်း---၊ ခပ်သိမ်းသတ္တ၀ါ၊ လောကဓာဝယ်၊ ပညာသာသူ၊ တူသူကင်းပြီး၊ ပညာရှိကြီးတစ်ဆူ၊   ဖြစ်တော်မူပါသော မြတ်စွာ ဘုရား မြတ်စွာဘုရား။ 

၉။ ရွှေရောင် မယွင်း၊ ၀ါဝင်းသော အဆင်းရှိခြင်းအကြောင်း
လင်္ကာ(၈)။   ။ ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မတိုခဲ့၊ ကြည်ညိုချမ်းမြေ့၊   ချောမွေ့နုမွတ်၊ အ၀တ်အရုံ၊ အခြုံအခင်း၊ လှူခဲ့ခြင်းကြောင့်---၊ အဆင်း အရေ၊ ဇမ္ဗူရွှေသို့၊ လျှံေ၀၀င်းဝါ၊ လက္ခဏာဖြင့်---၊ ဖဲဝါ ကတ္တီ၊ သိုးမွေးထည်နှင့်၊ ပိုးထည်နုပျောင်း၊ ထည်လိပ်ကောင်းကို၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေ၀ါတို့၊ များစွာကပ်လှူ၊ မပြတ်ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။
          ၁။ ရှေးဘ၀များက အစာအာဟာရကို လှူခဲ့ခြင်း၊
          ၂။ ရှေးဘ၀များက အ၀တ်အရုံကို လှူခဲ့ခြင်း၊
          ၃။ ရှေးဘ၀များက တံမျက်လှည်းကျင်း သုတ်သင်ခဲ့ခြင်း၊
          ၄။ အမျက်မထွက်ခဲ့ခြင်း၊

၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သည့် ယောက်ျားနိမိတ် ရှိတော်မူခြင်းအကြောင်း
လင်္ကာ(၁၀)။    ။ မိသား အဖ၊ မောင်နှမဟု၊ သဟာယချင်း၊ ကွေကွင်းခဲ့ရာ၊ တွေ့အောင်ရှာ၍၊ ကောင်းစွာ ထက်ကြပ်၊ ပေါင်းစပ်ခဲ့ဘူး၊ ကောင်းမှုထူးကြောင့်----၊ ဆင်မှူးဆဒ္ဒန်၊ ပုံသဏ္ဌာန်သို့၊ နေဟန်တင့်ဆုံး၊ အိမ်ဖုံးစေ့စပ်၊ သပ်ယပ်ထင်ရှား၊ ယောက်ျားနိမိတ်၊ တံဆိပ်ပြီစွာ၊ လက္ခဏာဖြင့်---၊ များစွာစုပေါင်း၊ ထောင် သောင်းမက၊ သားကောင်းရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၁။ အလံ အရပ် ညီမျှ၍ ရပ်တော်မူလျက် မညွတ်ပဲ ဒူးတော်ဝန်းကို သုံးသပ်တော်မူနိုင်ခြင်းအကြောင်း
လင်္ကာ(၁၁) ။   ။ ပုဂ္ဂိုလ်ယုတ်မြတ်၊ ရွေးချယ်လတ်၍၊ လျောက်ပတ်သင့်လျော်၊ ပူဇော်ခဲ့ ဟန်၊ ကောင်းမှုကံကြောင့်---၊ အလံအရပ်၊ ညီလတ်ရွှန်းရွှန်း၊ ပညောင်ဝန်းသို့၊ ၀န်းသောကိုယ်တော်၊ ရပ်သော်စူးစူး၊ မညွတ်ဦးပဲ၊ ရွှေဒူးဝန်းပေါ်၊ လက်ဝါးတော်ဖြင့်၊ သုံးသော်မှီလောက်၊ ကိုယ်ထက်အောက် လည်း၊ အပေါက်အဆက်၊ ညီလျက်အမျှ၊ ကုန်းမကွတည့်၊ ပုဏ္ဏကာယာ၊ လက္ခဏာဖြင့်---၊ သဒ္ဓါ သီလ၊ သုတ စာဂါ၊ ပညာ ဟီရိ၊ သြတ္တပ္ပီဟု၊ ခုနစ်လီ ဥစ္စာ၊ ရတနာသာရ၊ မြတ်ဓနဖြင့်၊ ကြွယ်ဝချမ်းသာတော်မူ ပါပေသော မြတ်စွာ ဘုရား မြတ်စွာဘုရား။ 

၁၂။ ကိုယ်တော်ပြည့်ဖြိုး၍ ရေစီးကြောင်းမထင် ကျောပြင်ရှိခြင်းနှင့် လည်တိုင်ဖြိုးတော်မူခြင်းအကြောင်း
လင်္ကာ(၁၂)။    ။ သူတပါးကို၊ ကောင်းစေလို၍၊ ကုသိုလ်ပညာ၊ ဥစ္စာဓန၊ သဟာယများ၊ ဘယ်သို့ပွားအံ့၊ သူ့အားတောင့်တ၊ ကြောင့်ကြခဲ့ဟန်၊ ကောင်းမှုကံကြောင့်---၊ မြိုင်ယံပျော်မွေ့၊ ရွှေခြင်္သေ့၏၊   ရှေ့ထက်ဝက်ကိုယ်၊ ပမာလိုလျှင်၊ ကိုယ်တော်အောင်မောင်း၊   ရေစီးကြောင်းမထင်၊ ရွှေကျောပြင်နှင့်၊ စည်သွင်မုရိုး၊ ပြည့်ဖြိုးလုံးခြင်း၊ လည်ပင်းသပ္ပါယ်၊ ဤသုံးသွယ်ဖြင့်---၊ ဤ၀ယ်လောကီ၊ ဤသည်   လောကုတ်၊  ဂုဏ်ပေါင်းထုတ်သော်၊ ယုတ်လျော့ခြင်းရာ၊ မထင်ပါသော မြတ်စွာဘုရား   မြတ်စွာဘုရား။ 

၁၃။ အရသာကြော ခုနစ်ထောင်တို့ အဖျားထောင်၍ လည်ပင်း၌ စွပ်လျက်ရှိခြင်းအကြောင်း
လင်္ကာ(၁၃)။    ။ သတ္တ၀ါခပင်း၊ မညှင်းဆဲရှောင်၊ ကုသိုလ်ဆောင်၍---၊ ခုနစ်ထောင်သော၊ ရသာကြောများ၊ အဖျားချင်းအပ်၊ လည်မှာစွပ်၍၊ မီးဓာတ်ဂဟဏီ၊ ဇီရဏီလည်း၊ အညီချက်ချေ၊ အစာကြေသဖြင့်---၊ ထွေထွေ ရောဂါ၊ ကင်းရှင်းကွာသည်၊ ကျန်းမာတော်မူပါသော မြတ်စွာဘုရား   မြတ်စွာ ဘုရား။ 
၁၄။ မျက်လွန်းတော် အလွန်ညို၍ မျက်တောင်မွေးတော် အလွန်နုခြင်းအကြောင်း
လင်္ကာ(၁၄)။    ။ မျက်စောင်းမထိုး၊ မကျိုးမျက်မှောင့်၊ ဖြောင့်ဖြောင့်ချစ်ကြည်၊ ကြည့်ခဲ့သည်ကြောင့်---၊ ညိုကြည်မျက်လုံး၊ အံ့မဆုံးအောင်၊ ရွှေမျက်တောင်မွှေး၊ သွယ်သေးနုစွာ၊ လက္ခဏာဖြင့်---၊ ပိယာသိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိဘုံခန်း၊ ရဟန်းလူများ၊ သိကြားဗြဟ္မာ၊ နတ်သူရာဟု၊ သတ္တ၀ါထိုထို၊ ကြည်ညိုလေးမြတ်၊ ချစ်ခင်အပ်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၅။ သင်းကျစ်တော် အသားလွှာ ပါရှိခြင်းအကြောင်း
လင်္ကာ (၁၅)။   ။ ကုသိုလ်တရား၊ ဟူသည်များ၌၊ ရှေ့သွားအမှူး၊ ဦးစီးခေါင်းခံ၊  ဆော်စီမံဘူး၊   ကောင်းမှု ထူးကြောင့်---၊ နဖူးတော်ဝယ်၊ ရွှေပြားချယ်သို့၊ တင့်တယ်လှစ်လှစ်၊ အသားစစ်မှ၊ သင်းကျစ်တော်လွှာ၊ လက္ခဏာဖြင့်---၊ သတ္တ၀ါထိုထို၊ များလူဗိုလ်တို့၊ ကိုယ်တော်နောက်၌၊ စိုက်စိုက်မကွာ၊ လိုက်ရပါသော   မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၆။ မွေးတွင်းတော် တစ်ခု တစ်ခု၌ မွေးညင်းတော်တစ်ပင်စီ နှင့် နဖူးတော်၌ ဥဏ္ဏလုံမွေးရှင်တော် ပါရှိခြင်း အကြောင်း
လင်္ကာ(၁၆)။     ။ မလိမ်မထောင့်၊ သစ္စာစောင့်၍၊ ရိုးဖြောင့်မှန်စင်း၊ တရားရင်းကြောင့်---၊ မွေးတွင်းတစ်ခု၊   မြွှာ မစုပဲ၊ တစ်ခုစီတွင်၊ တပင်စီသာ၊ ရှင်းစွာသင့်လျော်၊ မွေးညှင်းတော်နှင့်၊ မျက်မှောင်တော်နှစ်ဖက်၊ အလယ်ချက်ဝယ်၊ လံဝက်လောက်မျှ၊ ဆွဲကရှည်လာ၊ လွှတ်လိုက်ခါမူ၊ လက်ျာရစ်ခွေ၊ ဖြူရောင်ဝေသည့်၊   ရွှေနဖူးဝယ်၊ သောက်ရှူးကြယ်သို့၊ နုနယ်ဂွမ်းပုံ၊ ဥဏ္ဏလုံဖြင့်---၊ သုံးဘုံလူဗိုလ်၊ ကိုယ်တော်စိတ်ကြိုက်၊ အလိုလိုက်ခါ၊ ပါရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၇။ သွားတော် ၄၀ စေ့၍ သွားတော်မကျဲ သိပ်သဲစေ့စပ်ခြင်းအကြောင်း
လင်္ကာ(၁၇)။    ။ ဂုံးတိုက်စကား၊ ကြည်ရှောင်ရှား၍၊ ကွဲပြားမကပ်၊ ကြားစေ့စပ်သဖြင့်၊ စေ့စပ်ပြီးကို၊ မြဲအောင်ဆိုခဲ့၊ ထိုကုသိုလ်တော်၊ နှိုးပင့်ဆော်၍---၊ သွားတော်လေးဆယ်၊ ပြည့်ဖြိုးကြွယ်လျက်၊ သေးသွယ် စိပ်စိပ်၊ သိပ်သိပ်ထူထဲ၊ မကျဲသွားမှာ၊ လက္ခဏာဖြင့်---၊ ညီညာမြဲစွဲ၊ သူပင်ခွဲလည်း၊ မကွဲပြိုနိုင်၊ ကြံ့ခိုင်စေ့စပ်၊ ပရိတ်သတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၈။ ရှည်ပြန့်နူးညံ့သော လျှာတော်နှင့် အင်္ဂါရှစ်တန် ဗြဟ္မာကရ၀ိက်သံ ရှိတော်မူခြင်းအကြောင်း
လင်္ကာ(၁၈)။    ။ သူ့နားမချမ်း၊ ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ်တမာ၊ မဆိုပါပဲ၊ ချိုသာအေးကြည်၊ ဆိုခဲ့သည် ကြောင့်---၊  လျှာရှည်ကြီးပြန့်၊ လျှာနူးညံ့လျက်၊ ရှင်းသန့်ချိုသာ၊ သိသာနာဖွယ်၊ ပွဲလယ်မထွက်၊ လုံးနက်ပဲ့တင်၊ အင်္ဂါရှစ်တန်၊ ဗြဟ္မာ ကရ၀ိက်၊ ကောင်းဟိတ်သံသာ၊ လက္ခဏာဖြင့်---၊ ဆိုခါရင့်ကျူး၊ စကားစူး၍၊ အထူးလိုက်နာ၊ သြဇာပြန့်လှိုင်၊ အာဏာထူး ပိုင်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၁၉။ လဆန်း ၁၂ ရက်လ နှင့် ခြင်္သေ့မင်း၏မေးတို့ကဲ့သို့ ဖြိုးသောမေးတော်ရှိခြင်းအကြောင်း
လင်္ကာ(၁၉)။    ။ အနှစ်မဆံ၊ ယူရန်ကင်းလျှော၊ အသောအဖျင်း၊ ပြောခြင်းမလေ့၊ ကုသိုလ်ငွေ့ကြောင့်---၊   ခြင်္သေ့မင်းလို၊ ရွှန်းစိုပုံ့ပုံ့၊ ဖြိုးစုန့်စုန့်လျှင်၊ ပြုံးတော့မည်ပုံ၊ ဆန်းတုံဆယ့်နှစ်ရက်၊ စန်းယုန်စက်သို့၊   ရောင်ယှက် ထွန်းပေါ်၊ မြတ်မေးတော်ဖြင့်---၊ ကျူးကျော်ဘယ်သူ၊ တစ်ယောက်လူမျှ၊ ကလူနိုင့်ထက်၊ မချိုးဖျက်နိုင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ 

၂၀။ ညီညွတ်သော သွားတော်နှင့် ဖြူဖွေးသောစွယ်တော်လေးဆူ ရှိခြင်းအကြောင်း
လင်္ကာ(၂၀)။    ။ ကြီးငယ်တောင်းလျှင်၊ ချိန်ခွင်တိုရှည်၊ လိမ်လည်လုယက်၊ ခိုးနှိပ်စက်၍၊ အသက်မွေးခြင်း၊ ကင်းခဲ့သောကြောင့်----၊ မခေါမသီ၊ စိန်ကိုစီသို့၊ ပြေညီသွားတော်၊ စွယ်တော်လေးဆူ၊ ဆွတ်ဆွတ်ဖြူသား၊ ကိုယ်တော့သွား၏၊ နှစ်ပါးခြင်းရာ၊ လက္ခဏာဖြင့်---၊ ယုတ်မာကောက်ကျစ်၊ ဆိုးညစ်သောသူ၊ မပါမူ၍၊ ဖြောင့် ဖြူသပ္ပါယ်၊ လ၌ကြယ်သို့၊ စင်ကြယ်သော အခြံအရံရှိတော်မူပါသော   မြတ်စွာဘုရား မြတ်စွာဘုရား။

နိဂုံးချုပ် လက္ခဏာတော်ဘုရားရှိခိုး
          ဤသို့ကောင်းမှု၊ ကိုယ်တော်ပြု၍၊ ယခုခါဝယ်၊ သုံးဆယ်နှစ်ပါး၊ ယောက်ျားအင်္ဂါ၊ လက္ခဏာဖြင့်၊ စကြာသခင်၊ ဖြစ်မည်လျှင်တည့်၊ စက်-ဆင်-မြင်း-မြ၊ မ-ဌေး-သား ဟု၊ ခုနစ်ပါး ရတနာ၊ သားမှာ တစ်ထောင်၊ လေးကျွန်းဘောင်ဝယ်၊ ဘုန်းခေါင်စက္က၀တ်၊ မချွတ်ဖြစ်မည်၊ လျှောက်တင်သည်ကို၊ မထီမလေး၊ တံတွေးပေါက် နှယ်၊ စွန့်ပစ်ပယ်၍၊ သောင်းနယ်လောကဓာတ်၊ လွှံ့ပတ်ကျေညာ၊ မဟာဓမ္မရာဇ်၊ မင်းဆုံးဖြစ်လျက်၊ ရေစစ်တွက် ကျုံး၊ အံ့မဆုံးအောင်၊ ဘုန်းတော်ခြောက်စုံ၊ ဂုဏ်တော်အနန်၊ ဥာဏ်တော်ဖြာဖြာ၊ လက္ခဏာနိသင်၊ အမြဲဆင်သော၊ ရှင်ပင်ဘုရား၊ ကိုယ်တော်အားကို၊ ကိုးစားကြပ်ကြပ်၊ မြဲဆည်းကပ်လျက်၊ တုံ့ဝပ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။ 
(မန္တလေးမြို့၊ တောင်ပြင် ဘုံကျော်ကျောင်းတိုက်၊ ဒေါင်းကျောင်း  စာချအကျော် ဆရာတော် အရှင်ဃောသိတ အရှင်မြတ်ရေးသားအပ်သော ဤလင်္ကာများကို မင်းကွန်းဆရာတော်ကြီးက  မဟာဗုဒ္ဓ၀င်စာအုပ် အတွဲ (၂) ၌ ဖော်ပြထားပါသည်။ )

Wednesday, January 11, 2012

ဣနြေ္ဒ ၅-ပါးကို ညီမျှစွာ ထားခြင်း

 ရှေးဦးစွာ ဣနြေ္ဒငါးပါးကို သိထားသင့်ပါသည်။ ဣနြေ္ဒငါးပါးတို့မှာ……
၁။ သဒ္ဓိနြေ္ဒ = သဒ္ဓါတရားသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၂။ ၀ီရိယိနြေ္ဒ = ၀ီရိယသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၃။ သတိနြေ္ဒ = သတိသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၎။ သမာဓိနြေ္ဒ = သမာဓိသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၅။ ပညိနြေ္ဒ = ပညာသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား တို့ဖြစ်သည်။

          ယင်းဣနြေ္ဒငါးပါးထဲမှာ သဒ္ဓိနြေ္ဒအားကောင်းပြီး ကျန်ဣနြေ္ဒများ အားနည်းနေပြန်လျှင် ၀ီရိယ၏ ချီးမြှောက်မှု(ပဂ္ဂဟကိစ္စ)၊ သတိ၏ အာရုံ၌စွဲမြဲစွာ တည်နေမှု(ဥပဋ္ဌာနကိစ္စ)၊ သမာဓိ၏ မပျံ့လွင့်မှု တည်ကြည်နေမှု(အ၀ိက္ခေပကိစ္စ)၊ ပညာ၏ မှန်ကန်စွာ မြင်မှု(ဒဿနကိစ္စ)များ ပြုလုပ်ဖို့ဆိုတာ မလွယ်ကူလှပေ။
          ထို့ကြောင့် တရားသဘောကို ဆင်ခြင်ခြင်းဖြင့် နှလုံးသွင်းမှုပြုသောပုဂ္ဂိုလ်မှာ သဒ္ဓါစသောဣနြေ္ဒတို့ အားကောင်းလာနိုင်ပြီး၊ နှလုံးသွင်းမှု မပြုလျှင်တော့ ဆုတ်ယုတ်သွားနိုင်ပါတယ်..။

          ဆုတ်ယုတ်ပုံ သာဓကကို ပြရလျှင်…. အရှင်ဝက္ကလိမထေရ်အကြောင်းပဲ ဖြစ်ပါတယ်…။
          အရှင်ဝက္ကလိမထေရ်ဟာ အတိတ်ဘ၀တုန်းက ပဒုမုတ္တရဘုရားရှင်လက်ထက် ရဟန်းတော်များအလယ်မှာ ဘုရားရှင်က ရဟန်းတော်တစ်ပါးကို သဒ္ဓါဓိမုတ္တဧတဒဂ်ဘွဲ့ အပ်နှင်းပုံကို မြင်ခဲ့ပြီးတဲ့နောက် နောက်နေ့မှာပဲ ဘုရားရှင်ကို အိမ်သို့ပင့်ကာ အိမ်မှာပင် ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ပြီး ပဒုမုတ္တရဘုရားရှင်အထံမှာဘဲ အဓိမုတ္တဧတဒဂ်ဘွဲ့ထူးကို ဆုတောင်းပန်ဆင်ခဲ့သူတစ်ဦးပါ။

          သံသရာတစ်ခွင်ဝယ် လူ့ပြည်နတ်ရပ် အထပ်ထပ်တို့၌ ကျင်လည်ခဲ့ပြီး ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှာ သာဝတ္ထိပြည် ပုဏ္ဏားမျိုးမှာ ပဋိသန္ဓေ တည်နေခဲ့ပါတယ်…။ အရွယ်ရောက်လို့ ပုဏ္ဏားတို့ တတ်အပ်တဲ့ဗေဒင်သုံးပုံကို သင်ယူခဲ့ပါတယ်.။ အခါတစ်ပါးမှာ ရဟန်းသံဃာအပေါင်းခြံရံပြီး သာဝတ္ထိမြို့ တွင်း ကြွချီတော်မူလာသောဘုရားရှင်ကို မြင်ကာ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်၏တင့်တယ်သပ္ပါယ်ပုံကို ကြည့်ပြီး ရောင့်ရဲကျေနပ်မှုမရှိနိုင်ဘဲ ဘုရားရှင်ကြွလေရာသို့ နောက်ကနေ တကောက်ကောက်လိုက်နေပါတော့ တယ်။ ဘုရားရှင် ကျောင်းပြန်ကြွရင်လည်း ကျောင်းသို့လိုက်ကာ ကြည့်နေပါတော့တယ်၊ ဘုရားရှင် တရား ဟောရာ၌လဲ ဘုရားရှင်၏ရှေ့မှောက်၌ထိုင်ကာ ဘုရားရှင်ကို ကြည့်ပြီး တရားနာပါတယ်..။

          နောက်တော့ ၀က္ကလိသတို့သားဟာ ဘုရားရှင်၌ ကြည်ညိုမှုကို ရကာ " အိမ်ရာတည်ထောင် လူ့ဘောင်မှာနေလျှင် အမြဲတမ်း ဘုရားရှင်ကို ဖူးမြှော်ခွင့် ရမှာမဟုတ်ဘူး"ဟု အကြံအစည်ဖြစ်ပြီး ဘုရားရှင်အထံတော်မှာပင် ရဟန်းပြုလိုက်ပါတယ်။

          ရဟန်းပြုသောနေ့မှစပြီး ဆွမ်းခံချိန်. ဆွမ်းဘုဉ်းပေးချိန်တို့မှတပါး ကျန်အချိန်တို့မှာ ဘုရားရှင်ကို မြင်နိုင်လောက်ရာ နေရာမှာနေပြီး လက္ခဏာရေးသုံးတန်တင်ကာ ဖြစ်ပျက်သဘောကို နှလုံးသွင်းမှု ယောနိသောမနသိကာရကို ဘေးချပြီး ကြည့်နေပါတော့တယ်..။

          တဖြေးဖြေနဲ့ အချိန်တွေသာ ကုန်လွန်သွားခဲ့တယ်..၊ အရှင်ဝက္ကလိရဲ့ ဘုရားရှင်အပေါ် ကြည်ညိုမှု ကတော့ တနေ့တခြား တိုးလို့သာနေပါတော့တယ်..။
          ဒီအကြောင်းကို သိတော်မူသောဘုရားရှင်ဟာ ဘာစကားမျှ မပြောသေးဘဲ သူ့ရဲ့ ဥာဏ်ရင့်ကျက် ချိန်ကို စောင့်ဆိုင်းတော်မူခဲ့ပါတယ်..။ ဥာဏ်ရင့်ကျက်လောက်ချိန်ရောက်သောအခါ အရှင်ဝက္ကလိကို ခေါ်တော်မူပြီး " ၀က္ကလိ…. ငါဘုရား၏ ဤအပုပ်အဆွေးခန္ဓာကိုယ်ကြီးကို ကြည့်နေရုံမျှနဲ့တော့ သင့်အတွက် အကျိုးတစ်စုံတစ်ရာ မရနိုင်၊ ၀က္ကလိ…တရားသဘောကို မြင်သူသည် ငါဘုရားကို မြင်နိုင်၏၊ ငါဘုရားကို မြင်သောသူသည် တရားသဘောကို မြင်နိုင်ပေ၏။ မှန်ပေသည် ၀က္ကလိ.. တရားသဘောကို သိမြင်သောသူသည် ငါဘုရားကို မြင်နိုင်သလို ငါဘုရားကို မြင်သောသူသည်လည်း တရားသဘောကို မြင်နိုင်ပေ၏" ဟု မိန့်တော်မူလိုက်ပါတယ်..။

          အဲဒီလို သြ၀ါဒစကား မိန့်ကြားတော်မူသော်လည်း အရှင်ဝက္ကလိခမျာ ဘုရားနဲ့ဝေးရာကို မသွားနိုင်သေးပေ။ " ဒီရဟန်းဟာ ထိတ်လန့်တုန်လှုပ်မှု မရလျှင်တော့ ကျွတ်တန်းဝင်မှာ မဟုတ်ဘူး"ဟု သိတော်မူသောဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ၀ါဆိုဝါကပ်သောနေ့မှာပင် …"၀က္ကလိ… သင်ထွက်သွားတော့" လို့ မိန့်တော်မူလိုက်ပါတယ်…။

          အဲဒီလို ဗုဒ္ဓကိုယ်တော်တိုင်က မိန့်တော်မူလိုက်တယ်ဆိုရင်ဘဲ ၀က္ကလိခမျာ မနေသာတော့ဘဲ အဖြေတစ်ခု ရှာပါတော့တယ်… " အခု ငါ ဘာလုပ်ရရင် ကောင်းမလဲ၊ ဘုရားရှင်က ငါ့ကို နှင်ထုတ်လိုက်ပြီ၊ ဘုရားရှင်ရှေ့မှောက်မှာ ငါနေခွင့်မရတော့ပြီ၊ ငါဟာ အသက်ရှင်သန်နေထိုင်ခြင်းဖြင့် အကျိုးမရှိတော့ပြီ (သေတာပဲ ကောင်းပါတယ်)"လို့ အကြံဖြစ်ပြီး ဂိဇ္ဈကုဋ်တောင်ထိပ်သို့ တက်လာခဲ့ပါတယ်…။

          ဒီအကြောင်းအရာကို သိတော်မူသောမြတ်စွာဘုရားက " ဒီရဟန်းဟာ ငါဘုရားထံမှ ထောက်တည်ရာကို မရခဲ့ဘူးဆိုလျှင် မဂ်ဖိုလ်ဟူသောဥပနိဿယတွေ ပျက်စီးတော့မယ်"လို့ အကြံဖြစ်တော်မူပြီးတဲ့နောက် မိမိခန္ဓာကိုယ်ကို မြင်ဖို့အတွက် ရောင်ခြည်တော်လွှတ်လိုက်ပါတယ်..။
မြတ်စွာဘုရားရဲ့ ရောင်ခြည်တော်ကို တွေ့မြင်ရလျှင်ပဲ အရှင်ဝက္ကလိမှာ ကြီးမားသောသောက မြှားငြောင့် များ တဒင်္ဂ ကွာကျသွားပါတော့တယ်..။

          ခြောက်သွေ့တဲ့ ရေကန်ကြီးထဲသို့ ရေတွေ ဒလဟောလောင်းထည့်လိုက်သလို ၀က္ကလိမထေရ်အား အားကြီးသောပီတိသောမနဿတွေ ဖြစ်စေဖို့အတွက် ဂါထာတစ်ပုဒ်နဲ့ အမှာထုတ်ပြီးတဲ့နောက်မှာပဲ "..ချစ်သားဝက္ကလိ…လာပါလော့"ဟု လက်ယပ်ခေါ်တော်မူပါတယ်..။

          အဲဒီနောက် ၀က္ကလိမထေရ်ဟာ " ဘုရားရှင်ကို ငါမြင်ပြီ၊ လာလော့..ဟုခေါ်သောစကားကိုလည်း ငါရခဲ့ပြီ"ဆိုပြီး အင်အားကြီးမားသောပီတိအဟုန်ကို ဖြစ်စေပြီးနောက် ယင်းပီတိအဟုန်ကြောင့် မိမိရဲ့ ခန္ဓာကိုယ် အနေအထားကို သတိမပြုမိတော့ဘဲ ဘုရားရှင်ရှေ့မှောက် ကောင်းကင်မှာပင် ပျံတက်ပြီး ဘုရားရှင် ဟောကြားတဲ့ဂါထာရဲ့ အနက်အဓိပ္ပါယ်အသွယ်သွယ်ကို စူးစမ်းဆင်ခြင်လျက် ကောင်းကင်မှာပင် ဖြစ်ပေါ်နေတဲ့ ပီတိအဟုန်ကို ခွါလိုက်လျှင်ပဲ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ပါတယ်။

          ဒါကြောင့်မို့ သဒ္ဓါတရားအားကောင်းပြီး ကျန်ဣနြေ္ဒများ အားနည်းနေပြန်လျှင် အရှင်ဝက္ကလိမထေရ် ကဲ့သို့ ဖြစ်တတ်ပါတယ်…။ အရှင်ဝက္ကလိမထေရ်ဟာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်မို့ ဘုရားရှင်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရခြင်းသည်ပင် သူ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အထွဋ်အထိပ် အမြတ်ဆုံး အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ဘ၀မှာပဲ ခံစားသွားရပါတယ်..။ လမ်းမှာကို လျှောက်နေတဲ့ တပည့်ဝက္ကလိအပေါ် လမ်းမှန်သို့ ရောက်အောင်ပို့တင်ပေးတော်မူတဲ့ ဘုရားရှင်၏ မဟာကရုဏာ တော်မြတ်ကြီးကား အံ့သြဘွယ်ပါတကား….။

          ယခုသော်ကား ဘုရားရှင် သက်တော်ထင်ရှား မရှိတော့ချေပြီ၊ ဘုရားရှင် မရှိသော်လည်း ဘုရားရှင်ကိုယ်တော်တိုင်က ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်မှာ.." အာနန္ဒာ.. ငါဘုရားသည် သင်ချစ်သားတို့အတွက် သုတ္တန်.အဘိဓမ္မာကိုလည်းကောင်း ၀ိနည်းကိုလည်းကောင်း ပညတ်တော်မူအပ်ပြီ၊ ထိုသုတ္တန်အဘိဓမ္မာဝိနည်းဟူသောငါဘုရား၏စကားတော်များသည် ငါဘုရားပရိနိဗ္ဗာန်စံလွန်တော်မူပြီးရာ နောက်အခါ၌ သင်ချစ်သားတို့အတွက် ဆရာကောင်းတစ်ဆူ ဖြစ်ပါလိမ့်မယ်.."လို့ မိန့်တော်မူခဲ့ပါတယ်..။

          ၄၅-၀ါကာလကြာအောင် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်၏ တရားတော်များကို ကြားနာခွင့် သင်ယူခွင့် ပို့ချခွင့် လိုက်နာကျင့်ကြံခွင့်များ ရရှိနေမှုဖြင့် ဘုရားရှင်ဟောကြားပြသဆိုဆုံးမသလိုမျိုး ခံစားရနိုင်ပါတယ်…။
          

Thursday, December 1, 2011

နိုင်ငံတည် ပုဂ္ဂိုလ်ကြီး (၄)ဦး


ပထမမြန်မာနိုင်ငံတည် အနော်ရထာမင်းကြီး

ခမည်းတော် ကြောင်ဖြူမင်းနှင့် မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင် ဖွားမြင်သည်။ ခမည်းတော်ကို နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော်စုက္ကတေးမင်းနှင့် အနော်ရထာ သည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွားပြီး ခမည်းတော်အား မင်းပြန်ပြုရန် တောင်းပန်သည်၊ ခမည်းတော်က "ငါ အသက်ကြီးပြီ၊ အမောင်သာ မင်းပြုတော့"ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆-ခုနှစ်တွင် မင်းပြုသည်။
နိုင်ငံတော်ကြီးကို ကျယ်ပြန့်ပြီး ဖွံ့ဖြိုးတိုးတက်အောင် စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သလို တိုင်းသူပြည်သားတို့ ကိုးကွယ်မှုမှန်ကန်အောင်လည်း ဗြာဟ္မာ.ဗိဿနိုး.ပရမေသွာ.နတ်.နဂါး.အရည်းကြီး
ကိုးကွယ်မှုများကို တော်လှန်တိုက်ဖျက်ခဲ့သည်။ သထုံပြည်မှ ကြွလာသောဓမ္မဒဿီခေါ် အရှင်အရဟံနှင့် လက်တွဲ၍ ဗုဒ္ဓသာသနာတော်ကိုလည်း ထွန်းလင်းတောက်ပအောင် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
          ၄၃၉-ခုနှစ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လှည့်လည်လုပ်ဆောင်ပြီး ၍ နေပြည်တော်သို့ အပြန် သရပါတံခါးမှ ၀င်ခါနီး အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင် လောက်အောင် အန္တရာယ်ပြုနေပါသည်-ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ အောင်သာမြစ်ခြေသို့ ချီတက်သည်။ ရောက်၍ ကျွဲရိုင်းကို မြင်လျှင် ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်လွှတ်၍ တိုက်ခိုက်သည်။ လှံပစ်ကျွမ်းကျင်သော အနော်ရထာမင်းသည် ကျွဲရိုင်းကို လှံဖြင့် ထုတ်ချင်းပေါက်အောင် ပစ်ခတ်နိုင်သော်လည်း အသက်ပြင်းသော ကျွဲရိုင်းက ပြန်လည်ရန်ပြုသဖြင့် ဆင်ပေါ်၌ပင် ကျွဲခတ်မိပြီး နတ်ရွာ စံရလေသည်။ (တချိန်က မိမိကို ကြိမ်စကြာဖြင့် ရိုက်နှက်ထားသည်ကို မကျေနပ်သောထိန်ပင်စောင့်နတ်က ကျွဲရိုင်းတွင် ၀င်ပူး၍ ခတ်ခြင်းဖြစ်သည်-ဟုလည်း ဆိုကြသည်။)

ဒုတိယမြန်မာနိုင်ငံတည် ဘုရင့်နောင်မင်းတရားကြီး
          ခမည်းတော်မင်းရဲသီဟသူနှင့် မယ်တော်တောင်ငူ ကြွယ်စစ်မင်း သမီးတော်တို့မှ မြန်မာသက္ကရာဇ် ၈၇၇-ခုနှစ် တပို့တွဲလဆန်း (၁၂)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ တပင်ရွှေထီးမင်းထက် ၃-လနှင့် ၄-ရက် အသက်ကြီးသူဖြစ်၍ "ဘုရင့်နောင် ကျော်ထင်နော်ရထာ"ဘွဲ့နာမည်ကို တပင်ရွှေထီးကပင် ပေးအပ်ခဲ့သည်။ စစ်ရေးစစ်ရာသေနင်္ဂဗျူဟာ ကျွမ်းကျင်လိမ္မာလှသဖြင့် သမိုင်းဝင် နောင်ရိုးတိုက်ပွဲအပါအ၀င် တိုက်ပွဲကြီးများ စွာကို အောင်မြင်စွာ ဆင်နွှဲတိုက်ခိုက်နိုင်ခဲ့သည်။
          စစ်ပွဲများနှင့်ပတ်သက်၍ ဘုရင့်နောင်၏ မိန့်ဆိုချက်ကား ….." စစ်တို့၏သဘောမှာ အင်အားကြီး သည်. ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်ကြွယ်ဝမှုသာ ပဓာနဖြစ်သည်…" ဟူ၍ ဖြစ်သည်။
          ဘုရင့်နောင်သည် ဇွဲသတ္တိကြီးမားမှု၌လည်း စံထားရသူဖြစ်သည်၊ နောင်ရိုးတိုက်ပွဲ ၀ယ် နောင်ရိုးချောင်းကို ဖောင်များဖြင့် ဖြတ်ကူးပြီးနောက် ဖောင်များ ရှိနေလျှင် နောက်ပြန်ဆုတ်ချင် စိတ်. ဖောင်ကို အားကိုး ချင်စိတ် များ ပေါ်လာနိုင်သဖြင့် ရှေ့တွင် မည်သို့ ကြုံတွေ့ရသည်ဖြစ်စေ ၊ နောက်ပြန် မဆုတ်စတမ်း၊ အသက်စွန့်၍ တိုက်ခိုက်နိုင်ရန် မိမိတို့ ကူးလာသောဖောင်အားလုံးကို ဖျက်ပစ်စေရာမှ ''..ဘုရင့်နောင် ဖောင်ဖျက်.."ဟူသော မြန်မာစကားပုံတစ်ခု တွင်လာခဲ့သည်။
          ဘုရင့်နောင်သည် …" သေလျှင် မြေကြီး ၊ ရှင်လျှင် ရွှေထီး "ဟူသော သူရဲကောင်းစိတ်ဓာတ်ဖြင့် တိုက်ပွဲကြီးများ ဆင်နွှဲခဲ့သော်လည်း ရွှေထီးကိုမူ မျှော်မှန်းခြင်း မရှိခဲ့ပေ၊ တပင်ရွှေထီးမင်း အပေါင်းအသင်း မှား၍ အရက်သေစာများ သောက်စားမူးယစ်ကာ တိုင်းရေး ပြည်ရေးမှုများ မစီရင်နိုင်ဘဲ ဘုရင့်နောင် ကို နိုင်ငံတော်အုပ်ချုပ်ရေးအာဏာများ လွှဲအပ်ထားစဉ် ဘုရင့်နောင်ကို ကြည်ညိုလေးစားကြသော မှူးမတ်များက "တပင်ရွှေထီးမင်းကို နန်းချပြီး နန်းတက်ရန် (အာဏာသိမ်းရန်) တိုက်တွန်းကြသော်လည်း ဘုရင့်နောင်သည် အရှင်၏ ကျေးဇူးသစ္စာကို စောင့်သိစွာဖြင့် ခါးခါးသီးသီး ငြင်းပယ်ပြီး နိုင်ငံတော်ကြီးကိုသာ မတိမ်းမစောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။
          ၉၁၂-ခုနှစ် တပင်ရွှေထီးမင်း လုပ်ကြံခံရ၍ နတ်ရွာစံပြီးမှ ထီးနန်းစိုးစံသည်၊ မင်းဖြစ်ပြီးနောက် ထီးနန်းပြိုင်မင်း အများအပြား. နယ်ပယ်အရပ်ဒေသ အများအပြားကို တိုက်ခိုက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ သဖြင့် သူ့လက်ထက်တွင် နိုင်ငံနယ်ပယ်မှာ အကျယ်အ၀န်းဆုံးဖြစ်ခဲ့သည်။ ဇင်းမယ်. လင်းဇင်း. အယုဒ္ဓယ မြို့များ အထိ အာဏာစက် ပျံ့နှံ့သည်။ ဘုန်းတန်ခိုးလည်း အကြီးမားဆုံးဖြစ်သည်။ လောက. သာသနာကောင်းကျိုးများစွာ သယ်ပိုးတော်မူပြီးနောက် ၉၄၃-ခုနှစ် တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ရုတ်တရက် ဖျားနာ၍ နတ်ရွာစံတော်မူလေသည်။

တတိယမြန်မာနိုင်ငံတည် အလောင်းမင်းတရား ဦးအောင်ဇေယျ
          ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေ၀ီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက် သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။ ပျိုရွယ်စဉ်က သုံကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ ၁၁၁၃-ခုနှစ် မွန်တို့လက်ချက် ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှ နေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။ ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင် ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။ ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …"..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်ဝမှုသာ ပဓာနဖြစ်သည်.." ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
          ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို "ရွှေဘို"ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။  "…. အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။ ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား သောကြာသား…." ဟူသော တဘောင်ဆန်ဆန် သီချင်းကို ပြည်သူတို့  ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။
          ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး   ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့် ''..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး.." ဟူသောသီချင်းများ ပေါ်လာသည်။
          အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် " ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်"ဟု အမိန့်ရှိ၍ "ရန်ကုန်"ဟု သမုတ်တော်မူသည်။ မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။
          ၁၁၂၁-ခု၊ ၀ါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ၀ါခေါင်လဆန်း(၁၁)ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။ အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။
          စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် ၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။
          (ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော် ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။)

စတုတ္ထမြန်မာနိုင်ငံတည် ဗိုလ်ချုပ်အောင်ဆန်း
          ရှေ့နေဦးဖာနှင့် ဒေါ်စုတို့မှ ၁၂၇၆-ခုနှစ် တပေါင်းလဆန်း ၁-ရက် (၁၃-၂-၁၉၁၅) စနေနေ့တွင် ဖွားမြင်သည်၊ ငယ်မည်မှာ မောင်ထိန်လင်း ဖြစ်၏၊ သို့ရာတွင် သူ့အထက်အကိုမှာ မောင်အောင်သန်းဖြစ် သဖြင့် "သူ အောင်သန်းဆိုရင် ကျနော် အောင်ဆန်းပေါ့" ဟု ဗိုလ်ချုပ်ကိုယ်တိုင် နာမည်ခံယူလိုက် မှုကြောင့် မောင်အောင်ဆန်း-ဟုသာ ခေါ်ခဲ့ကြသည်။
          နိုင်ငံလွတ်လပ်ရေးအတွက် ငယ်စဉ်မှစ၍ အခန်းကဏ္ဍမျိုးစုံမှ ပါဝင်ပြီး နယ်ချဲ့ကို တော်လှန်ခဲ့သည်။ ၁၉၄၁-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင်များကို ဦးဆောင်ကာ ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ သွားရောက်၍ စစ်ပညာများ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် ဂျပန်တပ်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ချီတက်ကာ အင်္ဂလိပ်ကို တိုက်ခိုက်သည်၊ ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူကွပ်ကဲ ဆောင်ရွက်ခဲ့သည်။
          ၁၉၄၅-ခုနှစ် မတ် ၁၇-ရက်နေ့တွင် ရန်သူကို တိုက်ခိုက်ရန် မြန်မာ့တပ်မတော်ကြီးကို ဖွဲ့စည်း တည်ထောင်ကာ ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခဲ့ပြီး မတ်လ ၂၇-ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို စတင် တော်လှန်တိုက်ခိုက်သည်၊ ဖက်ဆစ်တော်လှန်ရေးအပြီး (၁၈-၈-၄၅)နေ့၌ နေသူရိန်အစည်း အဝေးကြီး ကျင်းပကာ သဘာပတိအဖြစ် ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုသည်။
          အင်္ဂလိပ်ခေတ် ၁၉၄၆-ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်၊ ၁၉၄၇-ခုနှစ် ဇန်န၀ါရီလတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ "အောင်ဆန်း-အက်တလီစာချုပ်"ကို လက်မှတ်ရေးထိုး ချုပ်ဆိုသည်။ ဖေဖော်ဝါရီ ၁၂-ရက်နေ့ တွင် တိုင်းရင်းသားသွေးစည်းရေးဖြစ်သော " ပင်လုံညီလာခံကြီး" ကို ဦးစီးကျင်းပခဲ့သည်။
          ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံးကို စည်းလုံးညီညွတ်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်၊ သူ၏ အထူးခြား အထင်ရှားဆုံးသောဂုဏ်ရည်မှာ---" တည်ကြည် ရိုးသား ဖြောင့်မတ်မှု " ဖြစ်ရာ ထိုအချက်ဖြင့်ပင် တိုင်းသူပြည်သားအားလုံးတို့သည် ဗိုလ်ချုပ်၏ ဦးဆောင်မှု ကို ခြွင်းချက်မရှိ ယုံကြည်လက်ခံ ခဲ့ကြလေသည်။
          ဗိုလ်ချုပ် ထိုသို့ တည်ကြည်ရိုးသားဖြောင့်မတ်ရာ၌ သူ၏ ပင်ကိုယ်စိတ်ဓာတ် ဖြူစင်သန့်ရှင်းမှု. တိုင်းပြည်အပေါ်စေတနာထားမှုများအပြင် ဇနီး-ဖြစ်သူ ဒေါ်ခင်ကြည်၏ စိတ်ထားမြင့်မြတ်မှုများလည်း အကြောင်းတစ်ရပ်အနေဖြင့် ပါဝင်နေပေသည်၊ ဒေါ်ခင်ကြည်သည် အခြားအရာရှိကတော်များလို "မောင်ရယ်.. စိန်နားကပ်က သေးတယ်၊ အကြီးကြီး ၀ယ်ပေးကွယ်" ဆိုသော ကတော်မျိုးမဟုတ်ပေ၊ တိုင်းပြည်အတွက် စေတနာသန့်သန့်ဖြင့် ဆောင်ရွက်ရန် ဗိုလ်ချုပ်အား အမြဲတမ်း သတိပေးတိုက်တွန်းခဲ့ သလို ထိုသို့ ဆောင်ရွက်နိုင်အောင် နောက်ပိုင်းမှ အစွမ်းကုန် ကူညီပံ့ပိုးပေးခဲ့သူလည်း ဖြစ်ပေသည်။
          ဗိုလ်ချုပ်ကလည်း ဇနီးသည်၏ အချိုပေါ် သကာလောင်းပေးမှုကို ကျေနပ်စွာ လက်ခံခဲ့သည်၊ ထို့ကြောင့်ပင် သူတည်ထောင်ခဲ့သည့် တပ်မတော်ကြီးအတွက် ဦးတည်ချက် ဆောင်ပုဒ် သတ်မှတ်သော အခါ "တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဖြစ်စေရ" ဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ (တပ်မတော်သည် တိုင်းပြည်အတွက် လုပ်ပေးစရာရှိတာတွေကို အကုန်လုပ်ပေးမည်၊ သို့သော် တိုင်းပြည်အပေါ်မှ မည်သည့်အခွင့်အရေး မှ ပြန်မယူ-ဆိုသည့် သဘောဖြစ်သည်၊ ဗိုလ်ချုပ်၏ ထိုဆောင်ပုဒ်ကို ရှေးက စစ်တပ်အခမ်းအနားများတွင် ရွတ်ဆိုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင်မူ မဆိုကြတော့၊ အချို့သော တပ်မတော်သားများဆိုလျှင် ထိုဆောင်ပုဒ်ကို မေ့၍ပင် နေကြလေပြီ။)
          ဗိုလ်ချုပ်သည် ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၃-ရက်နေ့တွင် မြို့တော်ခန်းမ၌ အရေးကြီးဆုံးသောမိန့်ခွန်း (နောက်ဆုံးမိန့်ခွန်း)ကို  မြွတ်ကြားခဲ့ပြီးနောက် တိုင်းပြည်လွတ်လပ်ရေးရရန် ၅-လကျော်အလို ၁၃၀၉-ခုနှစ် ၀ါခေါင်လဆန်း ၂-ရက် (၁၉-၇-၄၇) စနေနေ့ နံနက် (၁၀း၃၇)နာရီတွင် နယ်ချဲ့လက်ပါးစေ လူမသမာများ၏ လုပ်ကြံမှုကို ခံရ၍ ကွယ်လွန်ခဲ့လေသည်။
(ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ၏
တိပိဋကဓရဘွဲ့ရ ၁၀-နှစ်ပြည့် အမှတ်တရ ဘ၀နှင့်မှတ်တမ်းများ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။)
မောင်သန့်စင်(အညတရသာကိယ) 


Related Posts Plugin for WordPress, Blogger...

Popular Posts