လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..
Thursday, November 10, 2011
ဆက်လက်ဖတ်ရှုရန်-
“ သီရိလင်္ကာသာသနာ”
အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၏ တပည့်အရှင်မဟာမဟိန္ဒသည် သာသနာနှစ် (၂၃၆)တွင် လင်္ကာဒီပသီဟိုဠ်ကျွန်းသို့ ကြွရောက်၍ ဒေ၀ါနံပိယတိဿမင်းအမှူးရှိသော ကျွန်းသူကျွန်းသားလူအများကို ယုံကြည်သက်ဝင်စေ၍ ဗုဒ္ဓ သာသနာတော်ကို သီဟိုဠ်ကျွန်း၌ တည်ထွန်းစေသည်။ မဟာမေဃ၀န် ဥယျာဉ် တော်ကို လှူဒါန်း၍ “မဟာဝိဟာရ”မည်သောသံဃာ့အာရာမ်ကျောင်းတိုက်အဖြစ် တည်ရှိစေသည်။
        ထိုအချိန်မှစ၍ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်သည် ၀ဋ္ဋဂါမဏိမင်း လက်ထက်(ဗုဒ္ဓနှစ် ၄၅၅ - ၄၆၆)တိုင်အောင် ဂိုဏ်းတစ်ပါးတို့၏ အယူဝါဒနှင့် မရောယှက်ဘဲ အညစ်အကြေးကင်းကွာ သန့်ရှင်း စင်ကြယ်စွာ ထွန်းလင်းတောက်ပ သည်။
        ဤသို့ သီဟိုဠ်ကျွန်း၌ ဂိုဏ်း ၂-ဂိုဏ်း ကွဲပြားလာသည်။ ဤသည်ကား သီဟိုဠ် ကျွန်း၌ သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းဖြစ်သည်။
        ထို့အပြင် ဇမ္ဗုဒီပအိန္ဒိယပြည်မှ ရောက်ရှိလာသော ၀ဇ္ဇိပုတ္တကဂိုဏ်း၌ အကျုံးဝင်သည့် ဓမ္မရုစိဂိုဏ်း၏ သက္ကတဘာသာသို့ တင်ထားသောဓမ္မ၀ိနယအသစ်ကို အဘယဂိရိဝါသီဂိုဏ်းက လက်ခံထားသည်။ ထို့ကြောင့် အဘယဂိရိဝါသီဂိုဏ်း ကိုလည်း “ဓမ္မရုစိဂိုဏ်း”ဟူ၍ ခေါ်ဆိုရလေသည်။ ဤသည်လည်း သီဟိုဠ်ကျွန်း၌ သာသနာဆုတ်ယုတ်ခြင်း၏ အကြောင်းဖြစ်လေသည်။
“ စတုတ္ထသင်္ဂါယနာ”
        မဟာဝိဟာရ၀ါသီဂိုဏ်းသား မထေရ်များသည် ပါဠိဘာသာဖြင့် တည်ရှိနေ သော ရှေးဟောင်းဓမ္မ. ၀ိနယပိဋကကို နှုတ်ငုံဆောင်ကာ ထိန်းသိမ်းစောင့်ရှောက်နေ ကြသည်။
        နောင်အခါ ပိဋကတ်တော်ကို နှုတ်ငုံဆောင်ကာ ထိန်းသိမ်းဖို့ရန် ခက်ခဲနိုင်ခြင်း နှင့် အဘယဂိရိဝါသီ ဂိုဏ်းသားတို့ လက်ခံထားသော အယူဝါဒတစ်ပါးနှင့် ရောနှော ရှုပ်ထွေးနိုင်ခြင်းတို့ကြောင့် ပိဋကတ်တော် ကို ပေ၌ အက္ခရာတင် ရေးသားကာ ထိန်းသိမ်းစောင့်ရှောက်ရန် အားထုတ်တော်မူကြသည်။
        မဟာဝိဟာရ၀ါသီဂိုဏ်းသား မထေရ်များသည် အနုရာဓမြို့တော်မှ (၆၈)မိုင် ကွာဝေးသော မလယ တိုင်း မာတုလမြို့အနီး အာလောကလှိုင်ဂူ၌ သီတင်းသုံးကာ ထိုဒေသအကြီးအကဲဖြစ်သူ၏ အစောင့် အရှောက်ကို ခံယူ၍ ပေထက်အက္ခရာတင် ခြင်းအမှုကို ဆောင်ရွက်တော်မူကြသည်။ ဤသည်ကို “စတုတ္ထ သင်္ဂါယနာ”ဟု ခေါ်ဆိုရလေသည်။
“ ဂိုဏ်း ၂-ဂိုဏ်း အငြင်းအခုံဖြစ်ခြင်း ”
        ထိုမှနောက် ဘာတိယမင်းလက်ထက် (ဗုဒ္ဓနှစ် ၅၂၄-၅၅၂)သို့ ရောက်သော အခါ မဟာဝိဟာရ၀ါသီ ဂိုဏ်းနှင့် အဘယဂိရိဝါသီဂိုဏ်းတို့ ၀ိနည်း၌ အငြင်းအခုံ ဖြစ်ပွားကြသည်။ ဖြစ်ပွားပုံမှာ ------- မေတ္တိယာ မည်သောဘိက္ခုနီက သူမကို အရှင်ဒဗ္ဗက မေထုနပဋိသေ၀နအမှုဖြင် ဖျက်ဆီးပါကြောင်း မြတ်စွာဘုရား အား လျှောက်ထားစွပ်စွဲသည်။ ထိုအမှု မှန်/မမှန် စစ်ဆေးမေးမြန်းတော်မူရာ မမှန် ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် ဘုရားရှင်က “တေန ဟိ ဘိက္ခဝေ မေတ္တိယံ ဘိက္ခုနိံနာသေထ၊ ဣမေ စ ဘိက္ခူ အနုယုဉ္ဇထ” ဟူ၍ မိန့်ကြားတော်မူသည်။
  ဤ၌ “နာသေထ”ပုဒ်နောက်တွင် “သကာယ ပဋိညာယ”ဟူသောပုဒ်၂-ပုဒ် ပါသင့်/ မပါသင့် ငြင်းခုံကြခြင်းဖြစ်သည်။ အဘယဂိရိဝါသီဂိုဏ်းဝင်တို့က ပါသင့်ကြောင်း ပြောဆိုကြ၍ မဟာဝိဟာရ ၀ါသီဂိုဏ်းဝင်တို့က မပါသင့်ကြောင်း ပြောဆိုကြသည်။ ငြင်းခုံမှု မပြီးပြတ်ကြောင်း ဘာတိယမင်း ကြား သိတော်မူရာ ဗြာဟ္မဏဇာတ်ရှိသော ဘာသန္တရကျွမ်းကျင်သူ “ဒီဃကာရာယန” မည်သောပညာရှိ အမတ် ကို စေလွှတ်၍ ပြီးပြတ်အောင် ဆုံးဖြတ်စေသည်။
        ဒီဃကာရာယနအမတ်သည် ၂-ဖက်ဂိုဏ်းဝင် မထေရ်တို့၏ စကားကို ကြားနာ ပြီးနောက် - အဆိုပါ ၂-ပုဒ်ပါရှိလျှင် ရဟန္တာအရှင်ဒဗ္ဗ ကျူးလွန်ရာရောက်၍ အပြစ်ရှိ သည်။ မပါရှိပါလျှင် ကျူးလွန်ရာ မရောက်၍ အပြစ်မရှိ။ ထို့ကြောင့် “သကာယ ပဋိညာယ” ၂-ပုဒ် မပါမှ မှန်ကန်သည်-ဟု အဆုံအဖြတ်ပေးလေသည်။
        ဤ၌ ပဋိညာ=ဟူသည်မှာ မေတ္တိယာဘိက္ခုနီ၏ “အယျေနမှိ ဒဗ္ဗေန မလ္လပုတ္တေန ဒူသိတာ”ဟူသော စွဲချက်ပင် ဖြစ်သည်။ ဤသည်ကို ထောက်၍ အဋ္ဌကထာ (၀ိ၊ဋ္ဌ၊၂။၁၆၈)ဆရာက ဤသို့ မှတ်ချက်ပြုတော် မူသည်။
        ကိံ ပန ဘဂ၀တာ မေတ္တိယာ ဘိက္ခုနီ ပဋိညာယ နာသိတာ၊ အပ္ပဋိညာယ နာသိတာ? ကိဉ္စေတ္ထ ယဒိ တာဝ ပဋိညာယ နာသိတာ၊ ထေရော ကာရကော ဟောတိ သဒေါသော။ အထ  အပ္ပဋိညာယ, ထေရော အကာရကော ဟောတိ နိဒ္ဒေါသော။
“ ဝေတုလ္လ၀ါဒကို နှိမ်နှင်းခြင်း ”
        ဤသို့ အဘယဂိရိဝါသီဂိုဏ်းဝင်တို့ ရှုံးနိမ့်၍ ဘာတိယမင်းလက်ထက်၌ ခေါင်းမထောင်နိုင်တော့ပေ။ သို့သော်လည်း ဝေါဟာရကတိဿမင်းလက် (ဗုဒ္ဓနှစ် ၇၅၈-၇၈၀)၌ ခေါင်းထောင်လာပြန်သည်။ အဘယဂိရိ ၀ါသီ အဓမ္မရုစိဂိုဏ်းဝင်တို့သည် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခြင်းငှါ ရဟန်းအသွင်ဆောင် ဝေတုလ္လ၀ါဒီ ပုဏ္ဏားတို့ ရေးသားစီရင်အပ်သော ဝေတုလ္လပိဋကကျမ်းကို “ဗုဒ္ဓဘာသိတ=ဘုရားဟာကျမ်း”ဟု တင်ပြ လာကြသည်။
        ထေရ၀ါဒဂိုဏ်းဝင် မဟာဝိဟာရ၀ါသီမထေရ်မြတ်တို့က ဓမ္မ၀ိနယနှင့် နှီးနှော တိုက်ဆိုင်၍ “အဓမ္မ၀ါဒ” ဟု ပယ်ချကြသည်။ ထိုအကြောင်း ဝေါဟာရကတိဿမင်း ကြားသိတော်မူ၍ ဝေတုလ္လပိဋကကျမ်းကို မီးရှို့ဖျက်ဆီးစေ၍ ထိုကျမ်းကို လက်ခံ သော ဓမ္မရုစိဂိုဏ်းသားရဟန်းများကို နှိပ်ကွပ်ကာ ဗုဒ္ဓသာသနာတော် ကို ထွန်းလင်း တောက်ပစေသည်။
“ မဟာဝိဟာရကျောင်းတိုက် ဖျက်ဆီးခံရခြင်း ”
        ဂေါဌာဘယမင်း နှင်ထုတ်လိုက်သောရဟန်းတို့တွင် အချို့ရဟန်းတို့သည် ကာဝီရသင်္ဘောဆိပ်၌ လာရောက်နေထိုင်ကြသည်။ တိတ္ထိယလုလင်ငယ် တစ်ယောက်သည် ထိုရဟန်းတို့ထံ၌ ရဟန်းပြု၍ “သံဃမိတ္တ”ဟူသောအမည်ဖြင့် ထင်ရှားလာသည်။ သံဃမိတ္တရဟန်းသည် ဝေတုလ္လ၀ါဒအပေါ် “အဓမ္မ”ဟု အဆုံး အဖြတ်ပေးသော မဟာဝိဟာရ၀ါသီမထေရ်တို့အား အမျက်ရန်ငြိုးထား၍ မဟာဝိဟာရ၀ါသီဂိုဏ်းသား ရဟန်းတို့အား ဝေတုလ္လ၀ါဒကို ခံယူစေသည်။ သို့မဟုတ် သူတို့၏ ကျောင်းတိုက်တို့ကို အမြစ်ပါနှုတ်၍ ဖျက်ဆီးပစ်မည်-ဟု ကြံစည်ကာ သီဟိုဠ်ကျွန်းသို့ ရောက်လာခဲ့သည်။
        ဂေါဌာဘယမင်း၏ သားငယ် “မဟာသေန”မင်းသားကို ပညာသင်ပေးပြီး မဟာသေနမင်းသား မင်းဖြစ်လာသောအခါ (ဗုဒ္ဓနှစ် ၈၁၉-၈၄၅) အဘယဂိရိကျောင်း ၌ နေထိုင်လျက် မဟာဝိဟာရ၀ါသီဂိုဏ်း သားတို့အား ဝေတုလ္လ၀ါဒကို လက်ခံဖို့ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားအားထုတ်သည်၊ မည်သို့ပင် အားထုတ်သော်လည်း မခံယူ သော မဟာဝိဟာရ၀ါသီဂိုဏ်းသားရဟန်းတို့အား ဆွမ်းအာဟာရ မလောင်း လှူရန် မင်းအာဏာဖြင့် တားမြစ်ပိတ်ပင်သည်။
        ဆွမ်းအာဟာရမရရှိသော မဟာဝိဟာရ၀ါသီဂိုဏ်းသားတို့သည် “အသက်ဟူ သောအကြောင်းကြောင့် လည်း ငါတို့သည် ဝေတုလ္လ၀ါဒကို လက်မခံကုန်အံ့”ဟု တိုင်ပင် ညီညွတ်ကာ မဟာဝိဟာရစသောကျောင်း တိုက်တို့ကို စွန့်ခွါ၍ ရောဟနဇနပုဒ် ခေါ် သီဟိုဠ်ကျွန်းတောင်ပိုင်း နယ်နှင့် မလယဇနပုဒ်ခေါ် သီဟိုဠ်ကျွန်း အလယ်ပိုင်းနယ်တို့သို့ သွားကြလေသည်။
        မဟာဝိဟာရ၀ါသီဂိုဏ်းသားများ ကျောင်းအားလုံးကို စွန့်ခွါ ထွက်သွားကြ သောအခါ “သံဃမိတ္တ” မည်သောရဟန်းယုတ်သည် “မဟာသေန”မင်းကို နားချ၍ လောဟပါသာဒပြာသာဒ်အစရှိသော (၃၆၄)ခုသော ပရိဝုဏ်ပြာသာဒ်တို့ကို ဖျက်ဆီး ပြီးလျှင် အမြစ်အရင်းပါ နှုတ်စေ၍ အဘယဂိရိကျောင်းတိုက် သို့ ဆောင်ယူစေသည်။
        ကျောင်းရာမြေကိုလည်း ထွန်ယက်စေကာ ပြောင်းပဲတို့ကို စိုက်ပျိုးစေသည်။ ဤသို့ဖြင့် မဟာဝိဟာရကျောင်းတိုက်သည် ရဟန်းများဆိတ်သုဉ်း၍ ကျောင်း အဆောက်အအုံမရှိ ဖြစ်လေသည်။ ထိုအခါ “မေဃ၀ဏ္ဏာဘယ”မည်သော ကလျာဏအမတ်၏ ခြိမ်းခြောက်ဖျောင်းဖျပြောဆိုခြင်းဖြင့် မဟာသေနမင်းသည် မဟာဝိဟာရကျောင်းတိုက်ကို တဖန် ပကတိအတိုင်းဖြစ်အောင် ပြုပြင်ကာ ဖဲခွါသွား ကြသောရဟန်းတို့ကို ပြန်လည်ပင့်ဆောင်၍ ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးလေသည်။
“ လင်္ကာဒီပ ဂိုဏ်း ၃-ဂိုဏ်း ”
        တဖန် မဟာသေနမင်းသည် ကောက်ကျစ်သောစိတ်နှလုံးရှိသည့် “ကုဟကတိဿ”မည်သော မထေရ်ကို ကြည်ညိုပြန်၍ ထိုမထေရ်အတွက် မဟာဝိဟာရကျောင်းတိုက်နယ်ပယ်အတွင်း “ဇောတိဝန” မည်သောဥယျာဉ်၌ ဇေတ၀န်ကျောင်းကို ဆောက်လုပ်ရန် အားထုတ်သည်။
        မဟာဝိဟာရ၀ါသီရဟန်းတို့သည် ကျောင်းမဆောက်ရန်တားမြစ်သော်လည်း မရသဖြင့် မဟာဝိဟာရကျောင်းတိုက်မှ ဖဲခွါသွားကြသည်။ ထိုအခါ၌လည်း မဟာဝိဟာရကျောင်းတိုက်သည် (၉)လပတ်လုံး ဆိတ်သုဉ်းနေသည်။ မဟာသေနမင်းသည် သူ၏ ဆန္ဒအတိုင်း ဇေတ၀န်ကျောင်း ကို ဆောက်လုပ်စေ၍ ကုဟကတိဿမထေရ်အား လှူဒါန်းလေသည်။
        ထိုဇေတ၀န်ကျောင်း၌ ဒက္ခိဏဂိရိကျောင်းမှ ရဟန်းများ လာရောက်နေထိုင်၍ ဝေတုလ္လ၀ါဒကို လက်ခံကျင့်သုံးကြလေသည်။ ဤသို့လျှင် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ်ကျွန်းသို့ မလာရောက်မီ ရှေးကာလ၌ သန့်ရှင်းစင်ကြယ် သော ထေရ၀ါဒပိဋကကိုသာ လက်ခံကျင့်သုံးသည့် မဟာ ၀ိဟာရ၀ါသီဂိုဏ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဓမ္မရုစိဝါဒ. ဝေတုလ္လ၀ါဒကို လက်ခံကျင့်သုံးသော အဘယ ဂိရိဝါသီဂိုဏ်း ဇေတ၀န၀ါသီဂိုဏ်းဟူ၍ သီဟိုဠ်ကျွန်း၌ ဂိုဏ်းကြီး (၃)ဂိုဏ်း ထင်ရှား ရှိနေလေသည်။
        ထို့ကြောင့် မဏိသာရမဉ္ဇူသာဋီကာ (၁။၂၄)၌ ဤသို့ ဆိုလေသည်။
သီဟဠဒီပေ ဟိ မဟာဝိဟာရ၀ါသိနိကာယော အဘယဂိရိဝါသိနိကာယော ဇေတ၀န၀ါသိနိကာယောတိ တယော နိကာယာ သန္တိ။
“ ကထာဝတ္ထုကျမ်း ”
        ပြဆိုခဲ့ပြီးသည့်အတိုင်း ဒုတိယနှင့် တတိယသင်္ဂါယနာတို့၏ အကြား၌ ပေါ်ပေါက်လာသော အဓမ္မ၀ါဒ များနှင့် အသောကမင်းတရား သာသနာတော်မှ နှင်ထုတ်လိုက်သောအညတိတ္ထိယတို့၏ အဓမ္မ၀ါဒ များကြောင်း ဗုဒ္ဓသာသနာဓမ္မ၀ါဒ သည် ညစ်နွမ်းသေးသိမ် မှေးမှိန်ခဲ့ရသည်။ ထိုအဓမ္မ၀ါဒများကို ထေရ၀ါဒ ဓမ္မ၀ါဒီဂိုဏ်း သားတို့က စွမ်းအားရှိသမျှ နှိမ်နင်းဖျက်ဆီးခဲ့ရသည်။
        အထူးနှိမ်နင်းခဲ့ရသော ဓမ္မ၀ါဒီကျောင်းတိုက်များကား - မဇ္ဈိမဒေသ အိန္ဒိယ နိုင်ငံ ပါဋလိပုတ်မြို့တော် အသောကာရာမကျောင်းတိုက်နှင့် သီဟိုဠ်ကျွန်း အနုရာဓ မြို့တော် မဟာဝိဟာရကျောင်းတိုက်တို့ဖြစ်သည်။ ထိုတွင် အသောကာရာမကျောင်း တိုက်နေ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ပေါ်ပေါက် ခဲ့ပြီးသော အဓမ္မ၀ါဒများနှင့် နောက်နောင်တွင် ပေါ်ပေါက်လတ္တံ့သောအဓမ္မ၀ါဒများကို ရည်သန်၍ သက၀ါဒီနှင့် ပရ၀ါဒီပုဂ္ဂိုလ်တို့၏ အပြန်အလှန် အမေးအဖြေများဖြင့် အညတိတ္ထိယတို့၏ မိစ္ဆာဝါဒအဓမ္မအယူ များကို နှိမ်နင်းဖျက်ဆီးတော်မူသည်။
        ယင်းသို့ နှိမ်နင်းသော်လည်း အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာတော်သည် စောစီးစွာ ကပင် တိမ်မြုပ် ကွယ်ပျောက်ခဲ့သည်။ သာသနာတော်နှစ်(၂၀၀)ကျော်မှ ရောက်ရှိလာသော ဗုဒ္ဓသာသနာတော်သည် လင်္ကာဒီပသီဟိုဠ်ကျွန်း၌ သာသနာတော်နှစ် (၂၀၀၀)ကျော် ယနေ့ကာလတိုင်အောင် ထွန်းတောက်နေ သည်မှာ အံ့သြဖွယ် ကောင်းလှပါပေသည်။
        မဟာဝိဟာရကျောင်းတိုက်နေ ဓမ္မ၀ါဒီအရှင်မြတ်တို့သည်လည်း သီဟိုဠ်ကျွန်း၌ ပေါ်ပေါက်လာသော အဓမ္မ၀ါဒများကို စွမ်းအားရှိသမျှ နှိမ်နင်းခဲ့ရသည်။ ထို့ကြောင့်ပင် အဓမ္မ၀ါဒများ၏ တိုက်ခိုက်မှုကို များစွာ ခံခဲ့ရသည်။
        သာသနာနှစ် (၉၇၀)ကျော်တွင် သီဟိုဠ်ကျွန်း၌ အရှင်မဟာဗုဒ္ဓဃောသ ရေးသားစီရင်အပ်သော ကထာဝတ္ထုအဋ္ဌကထာကျမ်း၌ ကထာဝတ္ထုပါဠိတော်တွင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ရည်ညွှန်း ပယ်ဖျက်ခဲ့သော အဓမ္မ၀ါဒီဂိုဏ်းတို့၏အယူဝါဒများကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်ကို တွေ့ရှိရပေသည်။
“ မြန်မာပြည် သာသနာ ”
        တတိယသင်္ဂါယနာခေတ်၌ ကိုးတိုင်းကိုးဌာနသာသနာပြု စေလွှတ်ရာတွင် ရောက်ရှိလာသည်ဟု အဆိုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာ့ သမိုင်း၌လည်း ဓမ္မ.အဓမ္မ၊ ၀ိနယ.အ၀ိနယ အငြင်းပွားမှုများ ထင်ရှားပေါ်ပေါက်ခဲ့သည်။ ပရိယတ္တိစာသင်တိုက်များ၌ သီတင်းသုံးနေကြသော ပရိယတ္တိ ၀ိသာရဒ ပဋိပတ္တိမာမကပုဂ္ဂိုလ်မြတ်တို့က ထိုအငြင်းပွားမှု ၀ိဝါဒါဓိကရုဏ်းများ ငြိမ်းအေးအောင် ငြိမ်းသတ်တော်မူခဲ့ကြသည်။
        မြန်မာနိုင်ငံသာသနာ့သမိုင်း၌ အထင်အရှားဆုံးသော  ၀ိဝါဒါဓိကရုဏ်းကား - တုံဂိုဏ်း. ရုံဂိုဏ်းတို့၏ အတင် အရုံ အငြင်းပွားမှုဖြစ်သည်။ တုံဂိုဏ်းပုဂ္ဂိုလ်တို့က သာမဏေများ မြို့ရွာအတွင်း ၀င်သောအခါ ရဟန်းများလို သင်္ကန်းရုံရန်မလို၊ လက်ကန်တော့ထိုး၍ အနံတစ်တောင် အလျားသုံးတောင်ရှိ ဒုကုဋ်သင်္ကန်းအတုကို လက်ျာပခုံးပေါ်တင်၍ ၀င်ရမည်ဟု ဆိုသည်။
အရုံဂိုဏ်းပုဂ္ဂိုလ်တို့ကမူ သာမဏေများလည်း ရဟန်းများကဲ့သို့ပင် ပရိမဏ္ဍလသိက္ခာပုဒ်နှင့်အညီ ၀တ်၍ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ ရုံရမည်-ဟု ဆိုသည်။ ဤ အတင် အရုံ အငြင်းပွားမှုသည် ကောဇာနှစ် (၁၀၆၀) မာရ်အောင်ရတနာစေတီ ဒါယကာစနေမင်းလက်ထက်မှစ၍ ကောဇာနှစ် (၁၃၄၃)ခု ဘိုးတော် ပဒုံမင်းလက်ထက်တိုင်အောင် မင်းဆက် ၈-ဆက် ကြာညောင်းခဲ့သည်။ ဤအဓိကရုဏ်းကို ပရိယတ္တိ ၀ိသာရဒကျမ်းဂံတတ်မထေရ်မြတ်တို့က အဆုံးအဖြတ်ကို ပေး၍ ငြိမ်းအေးအောင် ဆောင်ရွက်တော်မူ ခဲ့ကြသည်။
“ ၀ိနိစ္ဆယဌာန အက်ဥပဒေ ”
        “လူရှိလျှင် အမှုရှိသည်”ဟူသည့်အတိုင်း လူအချင်းချင်း ရှင်ရဟန်းအချင်းချင်း အငြင်းပွားမှု သည် နေရာဌာနတိုင်း၌ပင် ရှိနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ သာသနာတွင် သူ့ခေတ်နှင့်သူ ၀ိနိစ္ဆယ ဌာနများ ရှိကြပေသည်။
        လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော် ဖဆပလအစိုးရခေတ်၌ (၁၃၁၁)ခုနှစ် ၀ိနိစ္ဆယဌာန အက်ဥပဒေနှင့် (၁၃၁၆)ခုနှစ် ပြင်ဆင်ချက် ၀ိနိစ္ဆယဌာန အက်ဥပဒေတို့ကို ပြဋ္ဌာန်း၍ အငြင်းပွားမှု အဓိကရုဏ်းတို့ကို ငြိမ်းအေးအောင် အဆုံး အဖြတ်ပေးတော်မူခဲ့ကြသည်။
        အဆိုပါ ဥပဒေအရ သက်ဆိုင်ရာ ၀ိနည်းဓိုရ်ဆရာတော်များက စီရင်ဆုံးဖြတ်ခဲ့သော ဖြတ်ထုံး တို့ကို နိုင်ငံတော်ဝိနိစ္ဆယဌာနစီရင်ထုံးများဟု ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ကြသည်။
        မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌လည်း ၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း များ ဖြေရှင်း ဆုံးဖြတ်
ရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်း၍ သက်ဆိုင်ရာဝိနည်းဓိုရ် ဆရာတော်များက အမျိုးမျိုးသောဝိ၀ါဒါဓိကရုဏ်း တို့ကို ငြိမ်းအေးအောင် ဆုံးဖြတ်တော်မူကြသည်။
        အထူးအားဖြင့် ဓမ္မ. အဓမ္မ အငြင်းပွားမှုများကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ် ဆရာတော်များက ဆုံးဖြတ်တော်မူကြသည်။ ယင်းတို့မှာ-----
၁။ ကျောက်သင်္ဘောဝါဒ၀ိနိစ္ဆယ
၂။ လူသေလူဖြစ်ဝါဒ၀ိနိစ္ဆယ
၃။ ကြောင်ပန်းတောရ၀ါဒ၀ိနိစ္ဆယ-စသည်တို့ဖြစ်သည်။
ဤသို့ ကြီးကျယ်နက်နဲခက်ခဲလှသော ဓမ္မ.အဓမ္မ ၀ိဝါဒမှုခင်းများကို ငြိမ်းအေးအောင် ပရိယတ္တိ စာသင်တိုက်တို့၌ သာသနာပြုလုပ်ငန်း ကြိုးပမ်းတော်မူကြသော ပိဋကတ္တယဆေက ပရိယတ္တိဝိသာရဒ မထေရ်မြတ်တို့သည်သာလျှင် ယနေ့တိုင်အောင် ဆောင်ရွက်တော်မူကြလေသည်။
“ ပရိယတ္တိစာသင်တိုက်များ “
        ယာဝ တေ ပိဋကံ ဗုဒ္ဓ၀စနံ ၀တ္တတိ၊ န တာဝ သာသနံ အန္တရဟိတံ။ (သံ၊ဋ္ဌ၊၂။၁၈၇)ဟူသော ကျမ်းဂန်နှင့်အညီ ဘုရားရှင်စကားတော် ပရိယတ္တိတရား တော်များ တည်ရှိနေသမျှ သာသနာမကွယ်နိုင်
သေးသောကြောင့် ပရိယတ္တိတရား တော်များ တည်ရှိနေအောင် ကြိုးစားအားထုတ်ရပေ မည်။
        ပရိယတ္တိတရားတော်များ တည်ရှိနေရန် ပရိယတ္တိဝိသာရဒပုဂ္ဂိုလ်များ အဆက် မပြတ်ပေါ်ပေါက် လာဘို့ အရေးကြီးလှပေသည်။ ထိုပုဂ္ဂိုလ်များ ပေါ်ပေါက်လာရန်မှာ လည်း ပရိယတ္တိစာသင်တိုက်များ တည်ရှိနေမှသာလျှင် ဖြစ်နိုင်သည်။ ထို့ကြောင့် သာသနာသုံးရပ် တည်ရှိစေရန် ပရိယတ္တိစာသင်တိုက်များ ကို ပြုစုပျိုးထောင်ရပေမည်။
        ပြဆိုခဲ့ပြီးသည့်အတိုင်း မဇ္ဈိမဒေသ အိန္ဒိယပြည်နှင့် လင်္ကာဒီပသီဟိုဠ်ကျွန်း တို့၌ ပေါ်ပေါက်လာသော တရားတု.တရားယောင် သာသနာ့အညစ်အကြေးတို့ကို အသောကာရာမကျောင်းတိုက်နှင့် မဟာဝိဟာရ
ကျောင်းတိုက်နေ ပရိယတ္တိဝိသာရဒ မထေရ်မြတ်တို့က ဦးစီးဦးဆောင်ပြုကာ သုဓ်သင်ရှင်းလင်းခဲ့ကြသည်။
        အလားတူပင် အခြားနေရာဌာနတို့၌လည်း အခြားပရိယတ္တိဝိသာရဒပုဂ္ဂိုလ်တို့က သုဓ်သင်ရှင်းလင်း ခဲ့ကြသည်။ ပရိယတ္တိစာသင်တိုက် တည်ထောင်ရာ၌ ပရိယတ္တိဝိသာရဒပုဂ္ဂိုလ်ရရှိရန် အရေးကြီးသကဲ့သို့ စာချ/စာသင် အရှင်မြတ်များ ကြီးမားသော သဒ္ဓါ.ဆန္ဒ.၀ီရိယရှိဖို့လည်း လိုအပ်လှပေသည်။ အဘယ်ကြောင့် ဆိုသော် သာမန် သဒ္ဓါ.ဆန္ဒ.၀ီရိယမျိုးဖြင့် ကြီးမားခန့်ထည်သောပရိယတ္တိစာသင်တိုက် မဖြစ်နိုင်သောကြောင့် တည်း။
(စည်ရှင်ဆရာတော်ဘုရားကြီး ရေးသားတော်မူသည်။)
စစ်ကိုင်း၊ မဟာသုဗောဓာရုံကျောင်းတိုက်
နှစ်(၅၀)ပြည့် ရွှေရတုမော်ကွန်းစာစောင်မှ ကောက်နှုတ်ဖော်ပြပါသည်။
ကျေးဇူးတင်စွာဖြင့် - မောင်သန့်စင်
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
Popular Posts