လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Wednesday, January 11, 2012

ဣနြေ္ဒ ၅-ပါးကို ညီမျှစွာ ထားခြင်း

 ရှေးဦးစွာ ဣနြေ္ဒငါးပါးကို သိထားသင့်ပါသည်။ ဣနြေ္ဒငါးပါးတို့မှာ……
၁။ သဒ္ဓိနြေ္ဒ = သဒ္ဓါတရားသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၂။ ၀ီရိယိနြေ္ဒ = ၀ီရိယသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၃။ သတိနြေ္ဒ = သတိသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၎။ သမာဓိနြေ္ဒ = သမာဓိသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား
၅။ ပညိနြေ္ဒ = ပညာသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား တို့ဖြစ်သည်။

          ယင်းဣနြေ္ဒငါးပါးထဲမှာ သဒ္ဓိနြေ္ဒအားကောင်းပြီး ကျန်ဣနြေ္ဒများ အားနည်းနေပြန်လျှင် ၀ီရိယ၏ ချီးမြှောက်မှု(ပဂ္ဂဟကိစ္စ)၊ သတိ၏ အာရုံ၌စွဲမြဲစွာ တည်နေမှု(ဥပဋ္ဌာနကိစ္စ)၊ သမာဓိ၏ မပျံ့လွင့်မှု တည်ကြည်နေမှု(အ၀ိက္ခေပကိစ္စ)၊ ပညာ၏ မှန်ကန်စွာ မြင်မှု(ဒဿနကိစ္စ)များ ပြုလုပ်ဖို့ဆိုတာ မလွယ်ကူလှပေ။
          ထို့ကြောင့် တရားသဘောကို ဆင်ခြင်ခြင်းဖြင့် နှလုံးသွင်းမှုပြုသောပုဂ္ဂိုလ်မှာ သဒ္ဓါစသောဣနြေ္ဒတို့ အားကောင်းလာနိုင်ပြီး၊ နှလုံးသွင်းမှု မပြုလျှင်တော့ ဆုတ်ယုတ်သွားနိုင်ပါတယ်..။

          ဆုတ်ယုတ်ပုံ သာဓကကို ပြရလျှင်…. အရှင်ဝက္ကလိမထေရ်အကြောင်းပဲ ဖြစ်ပါတယ်…။
          အရှင်ဝက္ကလိမထေရ်ဟာ အတိတ်ဘ၀တုန်းက ပဒုမုတ္တရဘုရားရှင်လက်ထက် ရဟန်းတော်များအလယ်မှာ ဘုရားရှင်က ရဟန်းတော်တစ်ပါးကို သဒ္ဓါဓိမုတ္တဧတဒဂ်ဘွဲ့ အပ်နှင်းပုံကို မြင်ခဲ့ပြီးတဲ့နောက် နောက်နေ့မှာပဲ ဘုရားရှင်ကို အိမ်သို့ပင့်ကာ အိမ်မှာပင် ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ပြီး ပဒုမုတ္တရဘုရားရှင်အထံမှာဘဲ အဓိမုတ္တဧတဒဂ်ဘွဲ့ထူးကို ဆုတောင်းပန်ဆင်ခဲ့သူတစ်ဦးပါ။

          သံသရာတစ်ခွင်ဝယ် လူ့ပြည်နတ်ရပ် အထပ်ထပ်တို့၌ ကျင်လည်ခဲ့ပြီး ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှာ သာဝတ္ထိပြည် ပုဏ္ဏားမျိုးမှာ ပဋိသန္ဓေ တည်နေခဲ့ပါတယ်…။ အရွယ်ရောက်လို့ ပုဏ္ဏားတို့ တတ်အပ်တဲ့ဗေဒင်သုံးပုံကို သင်ယူခဲ့ပါတယ်.။ အခါတစ်ပါးမှာ ရဟန်းသံဃာအပေါင်းခြံရံပြီး သာဝတ္ထိမြို့ တွင်း ကြွချီတော်မူလာသောဘုရားရှင်ကို မြင်ကာ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်၏တင့်တယ်သပ္ပါယ်ပုံကို ကြည့်ပြီး ရောင့်ရဲကျေနပ်မှုမရှိနိုင်ဘဲ ဘုရားရှင်ကြွလေရာသို့ နောက်ကနေ တကောက်ကောက်လိုက်နေပါတော့ တယ်။ ဘုရားရှင် ကျောင်းပြန်ကြွရင်လည်း ကျောင်းသို့လိုက်ကာ ကြည့်နေပါတော့တယ်၊ ဘုရားရှင် တရား ဟောရာ၌လဲ ဘုရားရှင်၏ရှေ့မှောက်၌ထိုင်ကာ ဘုရားရှင်ကို ကြည့်ပြီး တရားနာပါတယ်..။

          နောက်တော့ ၀က္ကလိသတို့သားဟာ ဘုရားရှင်၌ ကြည်ညိုမှုကို ရကာ " အိမ်ရာတည်ထောင် လူ့ဘောင်မှာနေလျှင် အမြဲတမ်း ဘုရားရှင်ကို ဖူးမြှော်ခွင့် ရမှာမဟုတ်ဘူး"ဟု အကြံအစည်ဖြစ်ပြီး ဘုရားရှင်အထံတော်မှာပင် ရဟန်းပြုလိုက်ပါတယ်။

          ရဟန်းပြုသောနေ့မှစပြီး ဆွမ်းခံချိန်. ဆွမ်းဘုဉ်းပေးချိန်တို့မှတပါး ကျန်အချိန်တို့မှာ ဘုရားရှင်ကို မြင်နိုင်လောက်ရာ နေရာမှာနေပြီး လက္ခဏာရေးသုံးတန်တင်ကာ ဖြစ်ပျက်သဘောကို နှလုံးသွင်းမှု ယောနိသောမနသိကာရကို ဘေးချပြီး ကြည့်နေပါတော့တယ်..။

          တဖြေးဖြေနဲ့ အချိန်တွေသာ ကုန်လွန်သွားခဲ့တယ်..၊ အရှင်ဝက္ကလိရဲ့ ဘုရားရှင်အပေါ် ကြည်ညိုမှု ကတော့ တနေ့တခြား တိုးလို့သာနေပါတော့တယ်..။
          ဒီအကြောင်းကို သိတော်မူသောဘုရားရှင်ဟာ ဘာစကားမျှ မပြောသေးဘဲ သူ့ရဲ့ ဥာဏ်ရင့်ကျက် ချိန်ကို စောင့်ဆိုင်းတော်မူခဲ့ပါတယ်..။ ဥာဏ်ရင့်ကျက်လောက်ချိန်ရောက်သောအခါ အရှင်ဝက္ကလိကို ခေါ်တော်မူပြီး " ၀က္ကလိ…. ငါဘုရား၏ ဤအပုပ်အဆွေးခန္ဓာကိုယ်ကြီးကို ကြည့်နေရုံမျှနဲ့တော့ သင့်အတွက် အကျိုးတစ်စုံတစ်ရာ မရနိုင်၊ ၀က္ကလိ…တရားသဘောကို မြင်သူသည် ငါဘုရားကို မြင်နိုင်၏၊ ငါဘုရားကို မြင်သောသူသည် တရားသဘောကို မြင်နိုင်ပေ၏။ မှန်ပေသည် ၀က္ကလိ.. တရားသဘောကို သိမြင်သောသူသည် ငါဘုရားကို မြင်နိုင်သလို ငါဘုရားကို မြင်သောသူသည်လည်း တရားသဘောကို မြင်နိုင်ပေ၏" ဟု မိန့်တော်မူလိုက်ပါတယ်..။

          အဲဒီလို သြ၀ါဒစကား မိန့်ကြားတော်မူသော်လည်း အရှင်ဝက္ကလိခမျာ ဘုရားနဲ့ဝေးရာကို မသွားနိုင်သေးပေ။ " ဒီရဟန်းဟာ ထိတ်လန့်တုန်လှုပ်မှု မရလျှင်တော့ ကျွတ်တန်းဝင်မှာ မဟုတ်ဘူး"ဟု သိတော်မူသောဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ၀ါဆိုဝါကပ်သောနေ့မှာပင် …"၀က္ကလိ… သင်ထွက်သွားတော့" လို့ မိန့်တော်မူလိုက်ပါတယ်…။

          အဲဒီလို ဗုဒ္ဓကိုယ်တော်တိုင်က မိန့်တော်မူလိုက်တယ်ဆိုရင်ဘဲ ၀က္ကလိခမျာ မနေသာတော့ဘဲ အဖြေတစ်ခု ရှာပါတော့တယ်… " အခု ငါ ဘာလုပ်ရရင် ကောင်းမလဲ၊ ဘုရားရှင်က ငါ့ကို နှင်ထုတ်လိုက်ပြီ၊ ဘုရားရှင်ရှေ့မှောက်မှာ ငါနေခွင့်မရတော့ပြီ၊ ငါဟာ အသက်ရှင်သန်နေထိုင်ခြင်းဖြင့် အကျိုးမရှိတော့ပြီ (သေတာပဲ ကောင်းပါတယ်)"လို့ အကြံဖြစ်ပြီး ဂိဇ္ဈကုဋ်တောင်ထိပ်သို့ တက်လာခဲ့ပါတယ်…။

          ဒီအကြောင်းအရာကို သိတော်မူသောမြတ်စွာဘုရားက " ဒီရဟန်းဟာ ငါဘုရားထံမှ ထောက်တည်ရာကို မရခဲ့ဘူးဆိုလျှင် မဂ်ဖိုလ်ဟူသောဥပနိဿယတွေ ပျက်စီးတော့မယ်"လို့ အကြံဖြစ်တော်မူပြီးတဲ့နောက် မိမိခန္ဓာကိုယ်ကို မြင်ဖို့အတွက် ရောင်ခြည်တော်လွှတ်လိုက်ပါတယ်..။
မြတ်စွာဘုရားရဲ့ ရောင်ခြည်တော်ကို တွေ့မြင်ရလျှင်ပဲ အရှင်ဝက္ကလိမှာ ကြီးမားသောသောက မြှားငြောင့် များ တဒင်္ဂ ကွာကျသွားပါတော့တယ်..။

          ခြောက်သွေ့တဲ့ ရေကန်ကြီးထဲသို့ ရေတွေ ဒလဟောလောင်းထည့်လိုက်သလို ၀က္ကလိမထေရ်အား အားကြီးသောပီတိသောမနဿတွေ ဖြစ်စေဖို့အတွက် ဂါထာတစ်ပုဒ်နဲ့ အမှာထုတ်ပြီးတဲ့နောက်မှာပဲ "..ချစ်သားဝက္ကလိ…လာပါလော့"ဟု လက်ယပ်ခေါ်တော်မူပါတယ်..။

          အဲဒီနောက် ၀က္ကလိမထေရ်ဟာ " ဘုရားရှင်ကို ငါမြင်ပြီ၊ လာလော့..ဟုခေါ်သောစကားကိုလည်း ငါရခဲ့ပြီ"ဆိုပြီး အင်အားကြီးမားသောပီတိအဟုန်ကို ဖြစ်စေပြီးနောက် ယင်းပီတိအဟုန်ကြောင့် မိမိရဲ့ ခန္ဓာကိုယ် အနေအထားကို သတိမပြုမိတော့ဘဲ ဘုရားရှင်ရှေ့မှောက် ကောင်းကင်မှာပင် ပျံတက်ပြီး ဘုရားရှင် ဟောကြားတဲ့ဂါထာရဲ့ အနက်အဓိပ္ပါယ်အသွယ်သွယ်ကို စူးစမ်းဆင်ခြင်လျက် ကောင်းကင်မှာပင် ဖြစ်ပေါ်နေတဲ့ ပီတိအဟုန်ကို ခွါလိုက်လျှင်ပဲ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ပါတယ်။

          ဒါကြောင့်မို့ သဒ္ဓါတရားအားကောင်းပြီး ကျန်ဣနြေ္ဒများ အားနည်းနေပြန်လျှင် အရှင်ဝက္ကလိမထေရ် ကဲ့သို့ ဖြစ်တတ်ပါတယ်…။ အရှင်ဝက္ကလိမထေရ်ဟာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်မို့ ဘုရားရှင်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရခြင်းသည်ပင် သူ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အထွဋ်အထိပ် အမြတ်ဆုံး အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ဘ၀မှာပဲ ခံစားသွားရပါတယ်..။ လမ်းမှာကို လျှောက်နေတဲ့ တပည့်ဝက္ကလိအပေါ် လမ်းမှန်သို့ ရောက်အောင်ပို့တင်ပေးတော်မူတဲ့ ဘုရားရှင်၏ မဟာကရုဏာ တော်မြတ်ကြီးကား အံ့သြဘွယ်ပါတကား….။

          ယခုသော်ကား ဘုရားရှင် သက်တော်ထင်ရှား မရှိတော့ချေပြီ၊ ဘုရားရှင် မရှိသော်လည်း ဘုရားရှင်ကိုယ်တော်တိုင်က ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်မှာ.." အာနန္ဒာ.. ငါဘုရားသည် သင်ချစ်သားတို့အတွက် သုတ္တန်.အဘိဓမ္မာကိုလည်းကောင်း ၀ိနည်းကိုလည်းကောင်း ပညတ်တော်မူအပ်ပြီ၊ ထိုသုတ္တန်အဘိဓမ္မာဝိနည်းဟူသောငါဘုရား၏စကားတော်များသည် ငါဘုရားပရိနိဗ္ဗာန်စံလွန်တော်မူပြီးရာ နောက်အခါ၌ သင်ချစ်သားတို့အတွက် ဆရာကောင်းတစ်ဆူ ဖြစ်ပါလိမ့်မယ်.."လို့ မိန့်တော်မူခဲ့ပါတယ်..။

          ၄၅-၀ါကာလကြာအောင် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်၏ တရားတော်များကို ကြားနာခွင့် သင်ယူခွင့် ပို့ချခွင့် လိုက်နာကျင့်ကြံခွင့်များ ရရှိနေမှုဖြင့် ဘုရားရှင်ဟောကြားပြသဆိုဆုံးမသလိုမျိုး ခံစားရနိုင်ပါတယ်…။
          

       နောက်တစ်မျိုးကတော့…၀ီရိယိနြေ္ဒ တစ်ခုတည်းသာ အားကောင်းနေပြီး ကျန်ဣနြေ္ဒတွေ အားနည်းနေခဲ့မယ်ဆိုရင်လည်း သဒ္ဓိနြေ္ဒရဲ့ သက်ဝင်ယုံကြည်မှုကိစ္စကို ပြုလုပ်ဖို့ မလွယ်ကူသလို ကျန်ဣနြေ္ဒတို့ရဲ့ ချီးမြှောက်ထောက်ပံ့မှုကို ရဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်လာနိုင်ပါဘူး..။
          သာဓကပြရရင်… အရှင်သောဏမထေရ် အကြောင်းပါ….။
          အရှင်သောဏမထေရ်ဟာလည်း အရှင်ဝက္ကလိမထေရ်ကဲ့သို့ပင် ပဒုမုတ္တရဘုရားရှင်လက်ထက်မှာ ပင် သမထ၀ိပဿနာအကျင့်ကို အလွန်အမင်းပြင်းထန်စွာကျင့်တဲ့ ရဟန်းတော်တစ်ပါးကို အာရဒ္ဓ၀ီရိယဘွဲ့ တံဆိပ် အပ်နှင်းပုံကို တွေ့မြင်ခဲ့ကာ အားကျပြီး ဘုရားရှင်ကို အိမ်ပင့် ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ကာ ယင်းအာရဒ္ဓ၀ီရိယဘွဲ့တံဆိပ်ကို ဆုတောင်းခဲ့သူတစ်ဦးပါ..။

          သံသရာတစ်ခွင်ဝယ် လူ့ပြည်နတ်ရပ် အထပ်ထပ်မှာ ကျင်လည်ခဲ့ပြီး ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှာပဲ ကာဠစမ္ပာမြို့ ဥပသူဌေး(မူကွဲ-ဥသဘသူဌေး) အိမ်မှာ ပဋိသန္ဓေ နေခဲ့ပါတယ်..။ ကဿပ ဘုရားရှင်လက်ထက်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအရှိန်အဟုန်တွေရဲ့ အကျိုးပေးမှုကြောင့် အင်မတန်မှ အခြံအရံ အသုံးအဆောင်ဘဏ္ဍာပြည့်စုံသည့်အပြင် မိဘတို့ရဲ့ စောင့်ရှောက်မှု အလိုလိုက်မှုကို ခံခဲ့ရပြီး နောက်တော့ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါတယ်…။

          သာသနာ့ဘောင်သို့ ၀င်ရောက်လာသော်လည်း ဘုန်းကံပါရမီအင်မတန် ကြီးမားသောပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ထိုဘုန်းကံပါရမီကြောင့်ပင် များစွာသောဆွေမျိုးသားချင်းသူငယ်ချင်းတို့က ပူဇော်သက္ကာရများ ယူဆောင်ပြီး လာကြသလို.. ရူပကာယကလည်း အင်မတန်မှ ရှုချင်စဖွယ်ရှိလို့ အခြားသောလူများစွာတို့ဟာ လည်း ဖူးမြှော်ဖို့ လာကြပါတယ်…။

          အဲဒီနောက်…"ဒီလိုသာ လူသူတရုံးရုံးနဲ့သာနေရင် သမထ.၀ိပဿနာဘာဝနာအလုပ် လုပ်ဖြစ်တော့မှာ မဟုတ်ဘူး၊ ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတောင်းပြီး ယင်းတိုက်သုဿာန်သွားကာ ရဟန်း တရားအားထုတ်မှဘဲ၊ သုဿာန်ဆိုတာ လူတွေအတွက် စက်ဆုပ်ဘွယ်ရာဖြစ်လို့ လာကြတော့မှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် ငါရဲ့ ရဟန်းကိစ္စဟာ ပြီးစီးထမြောက်နိုင်တယ်"လို့ ကြံစည်ပြီး ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတောင်းပြီး ယင်းတိုက်တောသို့ သွားကာ ရဟန်းတရား အားထုတ်ပါတော့တယ်..။

          တရားအားမထုတ်ခင် အကြံအစည်ဖြစ်ပုံလေးကတော့…." ငါရဲ့ ခန္ဓာကိုယ်ဟာ အင်မတန်မှ သိမ်မွေ့နူးညံ့တယ်၊ သုခတစ်ခုဖြင့် ရင်းနှီးပြီး သုခတစ်ခုကို ရဖို့ ရောက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ခန္ဓာကိုယ်ကို အပင်ပန်းခံစေပြီး ရဟန်းတရားကို အားထုတ်မှ တော်မယ်…"လို့ အကြံအစည် လေး ဖြစ်ပေါ်လာပါတယ်…။

          အကြံအစည်ဖြစ်ပေါ်လာပြီးတဲ့နောက်မှာပဲ … စင်္ကြံကြွခြင်းအမှုဖြင့် ရဟန်းတရားကို စတင် အားထုတ်ပါတော့တယ်..။ လူ့ဘ၀တုန်းက နူးညံ့သိမ်မွေ့ပြီး အမွေးအမျှင်လေးများတောင် ပေါက်နေတဲ့ ခြေဖ၀ါးဟာ အခုအခါမှာတော့ မာကျောတဲ့အရာဝတ္ထုတို့ရဲ့ ထိခိုက်မှုဒဏ်ကို ခံရတော့ အဖုကလေးတွေ ထပြီး ပေါက်ကွဲကုန်တော့ စင်္ကြံတစ်ခုလုံး သွေးချင်းနီရဲနေပါတော့တယ်..။ ခြေဖ၀ါးဖြင့် စင်္ကြံကြွဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါ ဒူး နှစ်ဘက်ဖြင့် စင်္ကြံကြွပြန်ပါတယ်….၊ ဒူးနှစ်ဘက်လုံးလည်း သွေးချင်းနီရဲအောင် ပေါက်ကွဲပြန်တော့ လက်နှစ်ဘက်ဖြင့် အားစိုက်ပြီး စင်္ကြံကြွပြန်ပါတယ်…။

          ဒီလောက် ပြန်ထန်စွာ ကျင့်ပါသော်လည်း တရားထူးရဖို့ အရိပ်အယောင်မျှ မမြင်သဖြင့် ဒီတစ်သက်တော့ ငါဟာ တရားထူး မရနိုင်တော့ဘူး ထင်ပါရဲ့ ဆိုပြီး နောက်ဆုံး လူထွက်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ ကြံစည်ပါတော့တယ်..။ သူ့ရဲ့ အကြံအစည်ကို သိတော်မူသော ဘုရားရှင်ဟာ ညနေချမ်းအခါ ရဟန်းသံဃာအပေါင်းခြံရံပြီး သောဏမထေရ်ရှိရာ ယင်းတိုက်တောသို့ ကြွတော်မူလာလျှင် သွေးအလိမ်းလိမ်းပေကျံနေတဲ့ စင်္ကြံကို မြင်ပြီး   ဒီစင်္ကြံဟာ ဘယ်သူ့စင်္ကြံလဲ စသည်ဖြင့် မေးမြန်းပြီး ၀ီဏောဝါဒ(စောင်းတီးခက်သံ သြ၀ါဒ)ဖြင့် ဆုံးမသွန်သင်တော်မူခဲ့ပါတယ်..။

ဝီဏောဝါဒ
မေး = သောဏ … သင်ဟာ  အိမ်ရာတည်ထောင်လူ့ဘောင်မှာ နေစဉ်အခါတုန်းက စောင်းတီးခက်မှု၌ အလွန်ကျွမ်းကျင်သည် မဟုတ်ပါလော…?
ဖြေ = မှန်ပါသည်အရှင်ဘုရား…။

မေး = အဲဒါဆို သောဏ… သင်ရဲ့ စောင်းကြိုးတို့ တင်းလွန်းသောအခါ စောင်းသံဟာ နားထောင်လို့ကောင်းနိုင်မလား..? သို့မဟုတ်… စောင်းတီးခတ်မှု၌ကော အဆင်ပြေမှုဖြစ်နိုင်မလား..?
ဖြေ = နားထောင်လို့ မကောင်းသလို တီးခက်မှု၌လည်း အဆင်ပြေမှုမျိုး မဖြစ်နိုင်ပါဘုရား။

မေး = သောဏ… သင်ရဲ့ စောင်းကြိုးတို့ လျော့သောအခါ သင့်ရဲ့ စောင်းသံဟာ နားထောင်လို့ကောင်းနိုင်မလား..? သို့မဟုတ်… စောင်းတီးခတ်မှု၌ကော အဆင်ပြေမှုဖြစ်နိုင်မလား..?
ဖြေ = နားထောင်လို့ မကောင်းသလို တီးခက်မှု၌လည်း အဆင်ပြေမှုမျိုး မဖြစ်နိုင်ပါဘုရား။

မေး = သောဏ.. သင်ရဲ့ စောင်းကြိုးကို မလျော့လွန်း မတင်းလွန်းဘဲ ညီညီမျှမျှ တီးခတ်မယ်ဆိုရင် စောင်းသံဟာ နားထောင်လို့ကောင်းနိုင်မလား..? သို့မဟုတ်… စောင်းတီးခတ်မှု၌ကော အဆင်ပြေမှုဖြစ်နိုင်မလား..?
ဖြေ = အဲဒါဆို စောင်းသံဟာ နားထောင်လို့ကောင်းသလို တီးခတ်မှု၌လဲ အဆင်ပြေနိုင်ပါတယ်ဘုရား။

ဤနည်းအတူပဲ သောဏ.. ထက်သန်လွန်းသောဝီရိယသည် ပျံ့လွင့်ရန် ဖြစ်၏၊ လျော့လွန်းသောဝီရိယသည် ပျင်းရိရန် ဖြစ်၏၊ သောဏ.. ထို့ကြောင့် သင်ဟာ ၀ီရီယနှင့်သမာဓိညီမျှအောင် ဆောက်တည်ပါ၊ သဒ္ဓါစသောဣနြေ္ဒတို့၏ ညီမျှသည်၏အဖြစ်ကိုလည်း သိပါ၊ အဲဒီလို ညီမျှလာတဲ့အခါ သမထ.၀ိပဿနာနိမိတ်ကို ဖြစ်စေပါ- လို့ သြ၀ါဒစကား မိန့်ကြားတော်မူပါတယ်…။

          ဤကဲ့သို့ မထေရ်အား ၀ီရိယနှင့်သမထ(သမာဓိ)ကို ညီမျှစွာ ထားဖို့အတွက် ကမ္မဋ္ဌာန်းပေးပြီး ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းသို့ ပြန်ကြွတော်မူပါတယ်..။ မြတ်စွဘုရား၏ သြ၀ါဒလမ်းညွှန်မှုကို ယူကာ ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီး မမေ့မလျော့သောစိတ်ထား. မှန်ကန်သောလုံ့လ. ရဲဝံ့စွန့်စားသောစိတ်ဓာတ်ဖြင့် တရားအားထုတ်လိုက်တာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါတယ်..။

          အဲဒီတော့ ဤအရှင်သောဏမထေရ်ဟာ ၀ီရိယလွန်ကဲပြီး ကျန်ဣနြေ္ဒတို့ရဲ့ ချီးမြှောက်ထောက်ပံ့မှုကို မရတဲ့အတွက် နောက်ဆုံး စိတ်ပျက်ပြီး လူထွက်ဖို့အထိ အကြံအစည် ဖြစ်ခဲ့ပါတယ်..။ ဒါဟာ ၀ီရိယလွန်ကဲမှုကြောင့် တလွဲတချော်ဖြစ်နိုင်တဲ့ သဘောတစ်ခုဆိုရင်လည်း မမှားပါဘူး၊ နောက်ဆုံးတော့ ဘုရားရှင်ရဲ့ နည်းပေးလမ်းပြမှုအောက်မှာပဲ သူ့ရဲ့ ၀ီရိယလွန်ကဲမှုကို ၀ီဏောဝါဒဖြင့် သဘောပေါက်ခဲ့ပါတယ်..၊ အဲဒီနောက်သူဟာ လွန်ကဲနေတဲ့ ၀ီရိယကို သမာဓိနဲ့ ထိန်းပြီး နောက်ဆုံး ၀ီရိယနှင့်သမာဓိတို့ရဲ့ အချီအချ ညီမျှမှုကြောင့် မျက်မှောက်ဘ၀မှာပင် အရဟတ္တဖိုလ် နိဗ္ဗာန် ချမ်းသာကို ခံစားသွားရပါတယ်..။

          ဆိုခဲ့ပြီးစကားများကို ပြန်ချုပ်ရရင်…. အရှင်ဝက္ကလိမထေရ်ဟာ သဒ္ဓါလွန်ကဲပြီး ကျန်ဣနြေ္ဒများ အားနည်းနေမှု. အရှင်သောဏမထေရ်ဟာလည်း ၀ီရိယလွန်ကဲပြီး ကျန်ဣနြေ္ဒများ အားနည်းနေမှုကြောင့် ရသင့်ရထိုက်သောသမဏဓမ္မကို ရသင့်ပါလျက် မရရှိဘဲ ဖြစ်နေချိန် ဘုရားရှင်၏ သာဝကတွေအပေါ်ထား ရှိတဲ့ အနန္တမဟာရုဏာတော်ဖြင့် သြ၀ါဒလမ်းညွှန်ပေးမှုတို့ကြောင့် လွန်ကဲနေသောဣနြေ္ဒများ တည့်မတ်ပြီး နောက်ဆုံး သမဏဓမ္မလို့ခေါ်ရတဲ့ အရဟတ္တဖိုလ်သို့ အသီးသီး ရောက်တော်မူခဲ့ကြပါတယ်။

          ဆိုလိုရင်းက..သဒ္ဓါ.၀ီရိယ.သတိ.သမာဓိ.ပညာဆိုတဲ့ ဒီတရားငါးပါးဟာ တစ်ခုခုအားကောင်းပြီး ကျန်တရားများ အားနည်းနေလျှင် (တရားရှာအားထုတ်တဲ့အခါ)အထက်တန်းသို့ မရောက်နိုင်ဘဲ အလွဲလွဲအချော်ချော်  ဖြစ်နေတတ်ပါတယ်..။

သဒ္ဓါ နှင့် ပညာ
          အထူးအားဖြင့် ပြောရရင်..သဒ္ဓါနှင့်ပညာတို့ရဲ့ ညီမျှစွာ ထားမှုကို ပညာရှိသူတော်ကောင်းများ ချီးမွမ်းတော်မူကြပါတယ်…။ ဘာကြောင့်ချီးမွမ်းကြသလဲဆိုရင်… သဒ္ဓါတရားအားကောင်းပြီး ပညာအားနည်း နေသူမှာ ယုံကြည်မှုသဒ္ဓါတရားဟာ အချည်းနှီး ဖြစ်တတ်ပါတယ်..။ မကြည်ညိုသင့်တဲ့ နေရာတွေမှာ ကြည်ညိုမှုတွေ ဖြစ်နေတတ်ပါတယ်။ 

ဥပမာ…မကြည်ညိုသင့်တဲ့ ဗုဒ္ဓသာသနာတော်ကို ကပ်ခိုပြီး ဖျက်ဆီးနေတဲ့ ဘိုးတော်ဘွားတော်နတ်စတဲ့အရာတွေမှာ ကြည်ညိုမှုတွေ ဖြစ်နေတတ်ပါတယ်..။ ဒါတင်မကသေး ဘယ်နေရာမှာ ဘယ်သူကတော့ဖြင့် ကြည်ညိုစရာကောင်းလိုက်တာ၊ ဟိုရောက်ရင် ဘာတွေ ပေးတာ၊ ဘယ်လို ပြောဟောတာ-စသည်ဖြင့် အများပြောတိုင်း ယုံတတ်သူများဟာ  ပညာအားနည်းနေမှုကြောင့်ပါ..။ သဒ္ဓါတရားအားကောင်းတာ ကောင်းပါတယ်…၊ ကုသိုလ်လည်း ရပါတယ်..။ ဒါပေမယ့် နည်းလမ်းက မှန်ကန်မှုမရှိရင် သဒ္ဓါဟာလည်း ယိမ်းယိုင်ပြိုလဲသွားတတ်ပါတယ်။ အဓိကပြောလိုရင်းက ကုသိုလ်လုပ်ပြီး အကုသိုလ်ခြံရံနေရင် (ခြံရံနေမှုကို မသိရင်)ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါလိမ့်မယ်။ 

အခုခေတ်မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာတွေဟာ အများစုအားဖြင့် သဒ္ဓါလွန်ပြီး စူးစမ်းဆင်ခြင်မှုပညာတွေ အားနည်းနေကြတာကို တွေ့နေရပါတယ်…။ ဒီလို ပညာအားနည်းနေကြမယ်ဆိုရင် သာသနာတော်ကို ကပ်ခိုပြီး သာသနာတော်ကို ဖျက်ဆီးနေတဲ့ ဘိုးတော်ဘွားတော်စတဲ့ပုဂ္ဂိုလ်၊ ဗုဒ္ဓသာသနာတော်ကို ဗန်းပြပြီး လိမ်ညာကာ တောင်းရမ်းစားသောက်နေသူ တွေဟာ မြန်မာနိုင်ငံမှာ ဒီထက်မကတိုးပွား များပြားလားမှာ အမှန်ပါပဲ။ ဒီအကြောင်းအရာတွေကို မိမိတို့ ကိုယ်တိုင် သိပြီး ကြိုတင်ကာကွယ်ထားမှသာလျှင် မိမိတို့သန္တာန်မှာ တည်ရှိနေတဲ့ ဗုဒ္ဓသာသနာဟာ အစစ်အမှန် ဖြစ်ပါလိမ့်မယ်။

ယုံကြည်မှုအစစ်အမှန်ဟာ (၅)မျိုးရှိပါတယ်….
၁။ ဘုရားကို ယုံကြည်မှု
၂။ တရားကို ယုံကြည်မှု
၃။ သံဃာကို ယုံကြည်မှု
၎။ ကံကို ယုံကြည်မှု
၅။ ကံ၏အကျိုးကို ယုံကြည်မှုတို့ပဲ ဖြစ်ပါတယ်..။
          ဒီငါးမျိုးမှ တစ်ပါးတစ်ခြားသော ယုံကြည်မှုမျိုးတွေကတော့ ယုံကြည်မှုအစစ်အမှန်မဟုတ်ပါဘူး၊ အတုတွေပဲ ဖြစ်ပါတယ်..။ အတုတွေကို ယုံကြည်ကိုးကွယ်ခြင်းကြောင့် ရလာမဲ့အကျိုးရလာဒ်ဟာလည်း အစစ်တော့ ရမှာမဟုတ်၊ အတုတွေပဲ ရမှာပါ။

          ဘ၀သံသရာ ခရီးသွားရာမှာ အတုတွေနဲ့ အလုပ်မဖြစ်ပါဘူး၊ အတုဆိုတာ စိတ်မချရပါဘူး၊ အစစ်နဲ့မှ ဖြစ်မှာပါ၊ ဒါမှ စိတ်ချရမှာ။ နိုင်ငံခြားလက်မှတ်အတုနဲ့ နိုင်ငံရပ်ခြားသွားဖို့ဆိုတာ မလွယ်ပါဘူး၊  သူများကို ညာလို့ရပေမယ့် မိမိကိုယ်ကို ညာလို့တော့ ရမှာမဟုတ်ပါဘူး၊ နောက်ပြီး မိမိကိုယ်တိုင်ကလည်း အတုလို့သိထားတော့ ရင်တထိတ်ထိတ်နဲ့ ဘယ်မှာသာလျှင် ငြိမ်းချမ်းမှုအစစ်အမှန်ဟာ ဖြစ်နိုင်မှာလဲ..၊ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်…။

          တကယ်တန်းကျတော့ အတုနဲ့အစစ်ဟာ ဂဃနဏမသိသေးသူတွေအဘို့ ထင်ယောင်ထင်မှား ဖြစ်တတ်ပေမယ့် သိထားသူတွေအဘို့ကတော့ တခြားစီပါပဲ။
          မိမိသန္တာန်မှာ ယုံကြည်မှု သဒ္ဓါတရား အစစ်အမှန်ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်ယူရမလဲဆိုရင်….
၁။ ယုံကြည်မှုသဒ္ဓါတရားမရှိသောပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ပါ…
၂။ ယုံကြည်မှုသဒ္ဓါတရားရှိသောပုဂ္ဂိုလ်များကို မှီဝဲပါ၊ ချဉ်းကပ်ပါ၊ ဆည်းကပ်ပါ။
၃။ ယုံကြည်မှုသဒ္ဓါတရားတွေ တိုးပွားစေမဲ့ ဘုရားဟောသုတ္တန်တရားတော်တွေကို နာယူပါ၊ ဖတ်ရှုပါ၊ ဆင်ခြင်ပါ…
အဲဒီလိုဆိုရင် သဒ္ဓါတရားဟာ မိမိတို့သန္တာန်မှာ ဖြစ်ပေါ်လာပါလိမ့်မယ်..။ စင်ကြယ်လာပါလိမ့်မယ်..။
စစ်မှန်သောသဒ္ဓါတရားဖြစ်ပါမှ စစ်မှန်သောအကျိုးတရားများ ရရှိမှာဖြစ်ပါတယ်..။

နောက်တစ်ခုက ပညာအားကောင်းပြီး သဒ္ဓါက အားနည်းနေပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲတဲ့ဘက်သို့ ရောက်သွားတတ်ပါတယ်။ ဆေးလွန်နာဟာ ကုရတာ ခက်ခဲသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ဥပမာ…ပုံတော်တွေဟာ ဘုရားမဟုတ်ဘဲ ကျောက်ပုံကြီးတွေပါ၊ ဓာတ်ပုံတွေပါ၊ ဘာမှ ကြည်ညိုစရာ မရှိပါဘူး၊ ကျောက်ပုံ.ဓာတ်ပုံတွေဟာ အရုပ်သက်သက်ဖြစ်လို့ ကိုးကွယ်နေလည်း အပိုပါပဲ၊ ဘာအကျိုးမှ ခံစားရမှာ မဟုတ်ပါဘူး-စသည်ဖြင့် တစ်ဘက်စွန်း ရောက်သွားတတ်ပါတယ်။ (ချဲ့ကြည့်ရင် အများကြီးပါ)
          ဒီလိုဖြစ်ပြီဆိုရင် .. ဒါဟာ ပညာအားကောင်းပြီး သဒ္ဓါ(ယုံကြည်မှု)အားနည်းနေလို့ပဲ ဖြစ်တယ်လို့ သိရမှာပါ..။ 

ဒီလို တစ်ခုခုက အားကောင်းပြီး ကျန်တစ်ခုက အားပျော့နေခဲ့မယ်ဆိုရင်တော့ ကုသိုလ်ဖြစ်တာ နည်းပြီး၊ နည်းလမ်းက မမှန်တော့ အချိန်မရွေး အကုသိုလ်တွေ တိုးပွားလာနိုင်ပါတယ်..။ ကုသိုလ်တစ်ပဲ ငရဲ တပိဿာ-ဆိုသလိုမျိုး ဖြစ်သွားတတ်ပါတယ်..။ 

သမာဓိ နှင့် ၀ီရိယ
နောက်တစ်ခုက… သမာဓိနှင့် ၀ီရိယကိုလည်း အညီအမျှ ထားပါမှ လိုအပ်သောအကျိုးဟာ ပြီးစီး ပြည့်စုံနိုင်မှာပါ..။ သမာဓိအားကောင်းပြီး ၀ီရိယလျော့နည်းနေသူဟာ ပျင်းရိခြင်း(ကောသဇ္ဇ)တရားတွေရဲ့ လွှမ်းမိုးနှိပ်စက်မှုကို ခံရနိုင်ပါတယ်..။ ၀ီရိယအားကောင်းပြီး သမာဓိက လျော့နည်းနေပြန်လျှင်လည်း စိတ်ပျံ့လွင့်မှု(ဥဒ္ဓစ္စ)တရားဆိုးတွေရဲ့ လွှမ်းမိုးနှိပ်စက်မှုကို ခံရနိုင်ပါတယ်..။ ယင်းတရားနှစ်ပါးကို အချီအချ ညီမျှစွာ ထားနိုင်မယ်ဆိုရင်တော့ ပျင်းရိမှု(ကောသဇ္ဇ)တရားနှင့် ပျံ့လွင့်မှု(ဥဒ္ဓစ္စ)တရားဆိုးတွေ မဖြစ်ပေါ်လာ နိုင်သလို ရှေးပါရမီဓာတ်ခံ ကောင်းတဲ့သူဖြစ်ခဲ့ရင် ဒီဘ၀မှာပဲ ဈာန်ဝိပဿနာမဂ်ဖိုလ်တရားထူးများ ဖြစ်ပေါ်လာနိုင်ပါတယ်..။

တစ်နည်းအားဖြင့် ပြောရရင်…..
သမထအမှုကို ပြုလုပ်နေတဲ့ ယောဂီပုဂ္ဂိုလ်သန္တာန်မှာ သဒ္ဓါတရားဟာ အားကောင်းနေပါတယ်၊ ယင်းသဒ္ဓါတရား အားကောင်းမှုကြောင့် ရှေးပါရမီဓာတ်ခံနှင့်ပြည့်စုံခဲ့ရင် ယခုဘ၀မှာပင် ဈာန်စသောတရား ထူးများ ဖြစ်ပေါ်လာနိုင်ပါတယ်၊ ရှေးပါရမီဓာတ်ခံပါ/မပါကတော့ မိမိတို့ကိုယ်တိုင် မသိနိုင်တဲ့အရာဖြစ်လို့ ယခုပစ္စုပ္ပန်မှာ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဈာန်မဂ်ဖိုလ်တရားများ မရခဲ့ရင်တောင် နောက်နောင် ဘ၀တွေမှာ ပါရမီဓာတ်ခံကောင်းတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်..၊ အကျိုးဆုတ်ယုတ်မှုမျိုးတော့ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ပါဘူး။

သမာဓိနှင့်ပညာ နှစ်ပါးထဲမှာလည်း သမထအမှုကို ပြုလုပ်နေတဲ့ယောဂီပုဂ္ဂိုလ် သန္တာန်မှာ ရှေးက ပြောခဲ့တဲ့အတိုင်း သဒ္ဓါတရားသာ အားကောင်းနေတာမဟုတ်၊ ဧကဂ္ဂတာဆိုတဲ့ အာရုံတစ်ခုတည်းမှာ စိတ်ကလေးတည်ငြိမ်နေမှုသမာဓိဟာလည်း အားကောင်းနေတတ်ပါတယ်..၊ ယင်းသို့ အားကောင်းနေမှု ကြောင့် ပါရမီဓာတ်ခံကောင်းရှိခဲ့သူဖြစ်ရင် ယခုဘ၀မှာပင် ဈာန်စသောတရားများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဝိပဿနာတရားကို အားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်သန္တာန်မှာ ပညာဟာ အားကောင်းနေပါတယ်၊ ယင်းပညာအားကောင်းနေမှုကြောင့် လက္ခဏာသုံးတန်ကို ထိုးထွင်းသိမြင်နိုင်ပြီး ကျွတ်တန်းဝင်သူ တစ်ယောက်ဖြစ်နိုင်ပါတယ်။
သမာဓိနှင့်ပညာ နှစ်ပါးလုံး ညီမျှခဲ့မယ်ဆိုရင်တော့ ပြောစရာမလိုအောင်ပင် ပြည့်စုံနေပါပြီ။

သတိ
သတိကတော့ နေရာတိုင်းမှာ အားကောင်းဖို့လိုပါလိမ့်မယ်၊ သတိဟာ စိတ်၏ ပျံ့လွင့်ခြင်း= ဥဒ္ဓစ္စ ၊  ပျင်းရိခြင်း= ကောသဇ္ဇ သဘောသို့ ရောက်နေရင် မရောက်အောင် စောင့်ရှောက်ထိန်းကြောင်းပေး တတ်ပါတယ်၊ 
ဟင်းလျှာတိုင်းမှာ ဆားမပါရင် မပြီးသလို…၊ အားလုံးစုံသောမင်းမှုရေးရာမှန်သမျှတွေ ကို ဆောင်ရွက်နေတဲ့ အမတ်ကြီးဟာ မင်းမှုရေးရာကိစ္စမှန်သမျှ သူမပါရင် မပြီးသလိုမျိုး သတိဟာလည်း နေရာတိုင်းမှာ သူမပါရင် မပြီးပါဘူး..။

ဒါကြောင်မို့ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း သံယုတ်ပါဠိတော်မှာ…"သတိ စ ပန သဗ္ဗတ္ထိကာ ၀ုတ္တာ ဘဂ၀တာ၊ ကိံကာရဏာ..? စိတ္တံ ဟိ သတိပဋိသရဏံ၊ အာရက္ခပစ္စုပဋ္ဌာနာ စ သတိ၊ န ၀ိနာ သတိယာ စိတ္တဿ ပဂ္ဂဟနိဂ္ဂဟော ဟောတိ"လို့ မိန့်တော်မူပါတယ်..။
အဓိပ္ပါယ်ကတော့…. ဘုရားရှင်ဟာ သတိကို အလုံးစုံသောကိစ္စမှန်သမျှ ပြီးစီးခြင်းရှိ၏ဟူ၍ ဟောတော်မူပါတယ်၊ ဘာကြောင့်လဲဆိုရင်…စိတ်ဟာ သတိလျှင် လဲလျောင်းရာ မှီခိုရာ ပုန်းအောင်းရာရှိ သောကြောင့် ဖြစ်ပါတယ်၊ သတိဟာ စောင့်ရှောက်ခြင်းအမှု၌ ရှေ့ရှုတည်ခြင်းသဘောရှိပါတယ်၊ သတိနှင့် ကင်းကွာပြီး စိတ်ကို နှိပ်ကွပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး….လို့ ဆိုလိုပါတယ်..။

ဒါကြောင့် နေရာတိုင်းမှာ သတိဟာ အင်မတန် အရေးပါ အရာရောက်တဲ့ အဓိကမိန်းတစ်ခု ဖြစ်နေလို့…..အဋ္ဌကထာဆရာတော်ကလည်း …" သတိ ပန သဗ္ဗတ္ထ ဗလ၀တီ ၀ဋ္ဋတိ=သတိဟာ နေရာတိုင်းမှာ အားကောင်းဖို့လိုပါတယ်…"လို့ ညွှန်ပြတော်မူပါတယ်..။

အထက်ဖော်ပြခဲ့တဲ့ အရာတွေကို ပြန်သုံးသပ်ရင် … သဒ္ဓါတရားနှင့်ပညာတရား၊ ၀ီရိယတရားနှင့် သမာဓိ(ဧကဂ္ဂတာ)တရားတို့ ညီမျှစွာ ထားမယ်၊ သတိဟာလည်း ယင်းတရားတို့ တစ်ခုနှင့်တစ်ခု တိမ်းစောင်းမှုမဖြစ်အောင် ထိန်းကြောင်းမှုပေးခဲ့မယ်ဆိုရင်တော့ မိမိတို့ ရည်မှန်းထားသည့် ပန်းတိုင်ကို လှမ်းကိုင်နိုင်သူများ ဖြစ်နိုင်ပါလိမ့်မယ်…။

ဣနြေ္ဒ ၅-ပါးကို စင်ကြယ်အောင် လုပ်နည်း
အခု ပြောခဲ့တဲ့တရားငါးပါး မိမိသန္တာန်မှာ မစင်မကြယ်ဖြစ်နေခဲ့ရင် စင်ကြယ်အောင်လုပ်နည်းကတော့….ပဋိသမ္ဘိဒါမဂ်မှာ ဒီလို လာပါတယ်…..
၁။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၂။ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲ.ဆည်းကပ်.ချဉ်းကပ်ခြင်း
၃။ ကြည်ညိုဖွယ်ကောင်းသော(ကြည်ညိုမှုကို ဖြစ်စေနိုင်သော) သုတ္တန်တရားတော်များကို ဆင်ခြင်ခြင်းဖြင့် သဒ္ဓါတရားဟာ စင်ကြယ်လာနိုင်ပါတယ်…။

၁။ ပျင်းရိသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၂။ အားထုတ်အပ်သောဝီရိယရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲ.ဆည်းကပ်.ချဉ်းကပ်ခြင်း
၃။ ကောင်းစွာအားထုတ်ကြောင်းသမ္မပ္ပဓာန်တရားတို့ကို ဆင်ခြင်ခြင်းဖြင့် ၀ီရိယ(ကြိုးစားအားထုတ်မှု)ဟာ စင်ကြယ်လာနိုင်ပါတယ်..။

၁။ သတိလွတ်ကင်းသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၂။ စွဲကပ်တည်ရှိနေသောသတိရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲ.ဆည်းကပ်.ချဉ်းကပ်ခြင်း
၃။ သတိပဋ္ဌာန်တရားတွေကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် သတိဟာ စင်ကြယ်လာနိုင်ပါတယ်..။

၁။ မတည်ကြည်သောသဘောရှိသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၂။ တည်ကြည်သောသဘောရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲ.ဆည်းကပ်.ချဉ်းကပ်ခြင်း
၃။ ဈာန်ဝိပဿနာမဂ်ဖိုလ်တရားတို့ကို ဆင်ခြင်ခြင်းဖြင့် သမာဓိဟာ စင်ကြယ်လာနိုင်ပါတယ်…။

၁။ ပညာမရှိသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၂။ ပညာရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲ.ဆည်းကပ်.ချဉ်းကပ်ခြင်း
၃။ သိမ်မွေ့သောခန္ဓာ.အာယတန.ဓာတ်စတဲ့သဘောတရားတွေကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ပညာဟာ စင်ကြယ်လာနိုင်ပါတယ်…။
အားလုံးပဲ ဣနြေ္ဒငါးပါးတို့ကို မစင်ကြယ်သေးရင်လဲ စင်ကြယ်အောင်၊ စင်ကြယ်ပြီးရင်လဲ ပို၍ ပို၍ စင်ကြယ်အောင် ပြုလုပ်ပြီး မိမိတို့ရဲ့ လက်ကျန်ဘ၀အချိန်တိုလေးကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ..။
 
မောင်သန့်စင်(အညတရသာကိယ)
ကျမ်းကိုး
ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်
အင်္ဂုတ္တိုရ်ပါဠိတော်
အင်္ဂုတ္တိုရအဋ္ဌကထာ
ပဋိသမ္ဘိဒါမဂ်ပါဠိတော်
သံယုတ်ပါဠိတော်
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Popular Posts